ကမမောင်း စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာရေးဆရာချစ်နိုင်(စိတ်ပညာ) ရေးသားသော အသက်နှစ်ဆယ်အရွယ်များသို့ စာအုပ်ဖြင့် ယနေ့နံနက် ၁၀ နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကမမောင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ စာကြည့်တိုက်လက်ထောက်-၃ (အင်အားပြ) ဒေါ်တင်တင်လှက ပြည်သူများအနေဖြင့် အသိပညာဗဟုသုတ ဖွံ့ဖြိုးလာစေရန်နှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း ရှင်းလင်းပြောကြားပြီး စာဖတ်ဝါသနာရှင်တစ်ဦးက "လူငယ်များတွင်စွန့်စားချင်သော သတ္တိရှိကြကြောင်း၊ လူငယ်များတွင် စူးစမ်းချင်သောစိတ်ရှိကြကြောင်း၊ လူငယ်များသည် အနာဂတ်ကို ပိုမိုသာယာလှပအောင် ထူထောင်ဖန်ဆင်းနိုင်ကြဦးမည်ဖြစ်ကြောင်း၊ အချို့ကမူရေစုန်မျောပြီး သူ့ဘဝ၊ သူ့အတွက်ကိုသာကြည့်ကာ ရေသာခိုမည့်သူလဲရှိနိုင်ကြောင်း၊ နိုင်ငံအတွက်၊ လူမျိုးအတွက် သူ၏ဘဝနှင့်အသက်ကိုပါ ရွံ့ကြောက်ခြင်း အလျဥ်းမရှိ စွန့်လှူပေးဆပ်ကြမည့်သူတွေလည်း မြောက်မြားစွာရှိနိုင်ကြောင်း၊ လူငယ်တို့၏စွမ်းအားကို လျှော့တွက်၍မရကြောင်း၊ လူငယ်ထုသည် တစ်ဦးချင်းသော်လည်းကောင်း၊ စုပေါင်း၍သော်လည်းကောင်း သမိုင်းသစ် စာမျက်နှာများကို ပါဝင်ရေးသားမည့်သူများဖြစ်ကြောင်း" စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ထို့နောက် တက်ရောက်လာသော စာဖတ်ဝါသနာရှင်များက စာအုပ်ပါ အကြောင်းအရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သန့်ဇင်(ကမမောင်း ပြန်/ဆက်)