ပွင့်ဖြူ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ စိုက်ပျိုးရေအတွက် အဓိက မှီခိုအားထားရသည့် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့သဖြင့် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံရေပြည့်မှတ်ဖြစ်သည့် (၃၄၀) အထက် တမံရေပိုလွှဲမှ ၅ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော်ကျလျက်ရှိကြောင်း အဆိုပါ ကြီးအုံကြီးဝတမံမှ တာဝန်ခံ(AE) ဦးစိုးတင့်ထံက သိရသည်။
ပွင့်ဖြူမြို့နယ် ကြီးအုံကြီးဝတမံသည် ယခုရက်ပိုင်း မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် တမံအတွင်း မိုးရေဝင်ရောက်မှုတိုးလာခဲ့ပြီး ယမန်နေ့က မိုးရွာသွန်းမှုအနေဖြင့် မိုးရေချိန်လက်မ ၁ ဒသမ (၉၂) လက်မ ရွာသွန်းခဲ့ကြောင်းသိရကာ တမံအတွင်း မိုးရေဝင်ရောက်မှုအခြေအနေအား သိရှိနိုင်ရန် ယနေ့နံနက် ၆ နာရီအချိန် တိုင်းထွာရာ၌ တမံအတွင်း မိုးရေဝင်ရောက်မှုပမာဏ (၅၈၅၇၁) ဧက ပေ ရေဝင်ရောက်မှုရှိခဲ့ပြီး တမံရေပြည့် အမှတ်ဖြစ်သည့် (၃၄၀) ပေ အထက် ၅ ဒသမ ၇ ပေခန့် ဆက်လက်ရေကျော် ကျလျက်ရှိကြောင်း သိရသည်။ ထိုသို့ တမံရေဝင်ရောက်မှု တိုးလာသည့်အတွက် ရေအားလျှပ်စစ် ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး (၂၄) နာရီ စက်လည်ပတ်ထားရှိကြောင်း၊ တမံရေပိုလွှဲမှ ရေကျော်ကျမှု ရှိသော်လည်း ပြည်သူများအတွက် စိုးရိမ်စရာအခြေအနေ မရှိကြောင်းနှင့် တမံရေပိုလွှဲနှင့် ဆက်စပ်အဆောက်အအုံများ ကြံ့ခိုင်ကောင်းမွန်လျက်ရှိကြောင်း သိရသည်။ တမံရေပိုလွှဲမှ ရေကျော်ကျမှုနှင့် ပတ်သက်ပြီး သဘာဝဘေးအန္တရာယ် ကင်းဝေးစေရေး စီမံချက်အရ ဝန်ထမ်းများက ရေကင်းတာဝန် စောင့်ကြပ်စစ်ဆေးပြီး နေ့စဉ် တမံအတွင်း မိုးရေဝင်ရောက်မှု အခြေအနေကို တမံအောက်ဘက်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ သိရှိနိုင်ရန် ကြိုတင်အသိပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မပျက် ပြုလုပ်ဆောင်ရွက်ထားရှိကြောင်းလည်း သိရသည်။
ပွင့်ဖြူမြို့နယ်အတွင်းရှိ ကြီးအုံကြီးဝတမံသည် မင်းဘူးခရိုင်အတွင်း ဆည်ရေအများဆုံး သိုလှောင်ထားနိုင်သည့် တမံတစ်ခုဖြစ်ကာ ရေအားလျှပ်စစ်စက်ရုံမှ ဓာတ်အားထုတ်လွှတ်ပြီး ထွက်ရှိလာသော လျှပ်စစ်ဓာတ်အားများကိုလည်း မဟာဓာတ်အားလိုင်သို့ ပို့လွှတ်ကာ ပြည်သူလူထု လျှပ်စစ်မီးသုံးစွဲနိုင်ရန် အကျိုးပြုလျက်ရှိကြောင်း သိရသည်။ ထို့အပြင် ဒေသတွင်းရှိ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများ(နွေ ၊ မိုး ၊ ဆောင်း) သီးနှံများ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မဲဇလီရေလွှဲဆည်သို့ ရေများပို့လွှတ်ကာ ဆည်ရေသောက်ဧရိယာအတွင်းရှိ သီးနှံစိုက်ခင်းများကို စိုက်ပျိုးရေနှင့် သီးနှံအောင်ရေ အလုံအလောက်ရရှိအောင် ဖြန့်ဝေဆောင်ရွက်ပေးနေသဖြင့် ဒေသခံတောင်သူများအတွက် စိုက်ပျိုးရေ အဓိက မှီခိုအားထားရသည့် တမံတစ်ခုလည်းဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )