ကသာ စက်တင်ဘာ ၆
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ် ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကို ယမန်နေ့ နံနက် (၁၀) နာရီအချိန်က အမှတ် (၃) အခြေခံပညာ အထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲကို ကျောင်းသားလူငယ်များအကြား ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိအမြင် များ တိုးတက်ပြန့်ပွားစေရန် ရည်ရွယ်၍ အထက်တန်း အဆင့်၊ အလယ်တန်းအဆင့်နှင့် မူလတန်းအဆင့် ကျောင်းသား/ ကျောင်းသူများအတွက် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် “ရာသီ ဥတုပြောင်းလဲမှုလျှော့ချဖို့ အိုဇုန်းလွှာထိန်းသိမ်းစို့” ခေါင်းစဉ်ဖြင့် ပန်းချီပြိုင်ပွဲကျင်းပ ပြုလုပ်ပေးရခြင်းဖြစ်ကြောင်း ဒုတိယမြို့နယ်ပညာရေးမှူး ဦးရဲရင့်ကျော်က ပြောကြားခဲ့သည်။ ပန်းချီပြိုင်ပွဲကျင်းပ ပြုလုပ်ရာသို့ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ကြီးများ၊ ခရိုင်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဆရာ/ ဆရာမများက လာရောက်ကြည့် ရှုအားပေးခဲ့ကြ ကြောင်း သိရသည်။
ထို့နောက် ပြိုင်ပွဲဝင် ပန်းချီများကို ပန်းချီပညာရှင်များ၊ ဌာနဆိုင်ရာများနှင့် ပူးပေါင်းပြီး သတ်မှတ် စည်းကမ်းချက်များနှင့် အညီ စစ်ဆေး၍ ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများကို စက်တင်ဘာလ (၁၆)ရက်နေ့၌ ကျင်းပပြုလုပ်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုချီးမြှင့်သွား မည်ဖြစ်ကြောင်းနှင့် ကသာမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ အထက်တန်း၊ အလယ်တန်း၊ မူလတန်း အဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၉၃)ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ကျော်စွာထွန်း(ကသာ)