ပဲခူး စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာအစည်းအဝေးခန်းမ၌ ယနေ့ နံနက်ပိုင်းက စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး အမှတ်စဉ် (၃/၂၀၂၃) ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်များအား ဖတ်ကြားရှင်းလင်းပြောကြားခဲ့သည်။ ၎င်းနောက် ပဲခူးတိုင်းဒေသကြီးအတွင်း စိုက်ပျိုးမြေများအားလုံး အပြည့်အဝစိုက်ပျိုးသွားရန်နှင့် စိုက်ပျိုးသီးနှံအလိုက် ပန်းတိုင်အထွက်နှုန်းရရှိရေး အထူးအလေးထားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ မိရိုးဖလာစိုက်ပျိုးနည်းစနစ်များ ပြောင်းလဲရန်၊ အထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်များ ပြောင်းလဲရန်နှင့် မစိုက်ပျိုးမီ မျိုးသန့်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ လာမည့်ဆောင်းသီးနှံနှင့်နွေစပါးအတွက် လိုအပ်သည့် မျိုးကောင်းမျိုးသန့်လုံလောက်စွာရရှိရေး ကြိုတင်ချိတ်ဆက်ဆောင်ရွက်ထားရန်နှင့် စိုက်ပျိုးရေးရရှိရေးချောင်းပိတ်/ မြောင်းပိတ်လုပ်ငန်းများ ဆောင်ရွက်နိုင်ရေး မြေပြင်ကွင်းဆင်း ဆောင်ရွက်ထားရန်လိုအပ်ကြောင်း၊ စက်မှုလယ်ယာဦးစီးဌာနနှင့် ချိတ်ဆက်၍ စိုက်ပျိုးလယ်မြေများအား ဧကကွက်များ ဖော်ထုတ်နိုင်ရေးနှစ်စဉ်စီမံချက်များ ချမှတ်ဆောင်ရွက်သွားရန်နှင့် တစ်နှစ် (၃) သီးစိုက်ဧကများ လျော့နည်းမှုမရှိစေရေး သက်ဆိုင်ရာ စိုက်ပျိုးရေးလုပ်ငန်းကြီးကြပ်မှုအဖွဲ့များက ကြိုတင်ကွင်းဆင်း ဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဒေသတွင်းစိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေသလို MSMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေး ဆောင်ရွက်ပေးရန်လိုအပ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးထွက်ကုန်များ ဘေးကင်းလုံခြုံမှုရှိစေရေးနှင့် ဒေသထွက်အခြေခံစားသုံးကုန်များ ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ကြီးကြပ်ဆောင်ရွက်သွားရန်နှင့် ဒေသထွက်ကုန်ကြမ်းပစ္စည်းများဖြင့် တိရစ္ဆာန်အစားအစာများ ထုတ်လုပ်နိုင်ရေးဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့သည်။
ထို့နောက် ခရိုင်/ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဥက္ကဋ္ဌများက မြို့နယ်အလိုက် စိုက်ဧကတိုးချဲ့ရေး၊ သီးထပ်တိုးချဲ့စိုက်ပျိုးရေးနှင့် စားရေရိက္ခာဖူလုံရေး စီမံဆောင်ရွက်နေမှုများအား Power Point ဖြင့် အသေးစိတ်ရှင်းလင်းတင်ပြခဲ့ရာ၊ တက်ရောက်လာသည့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက ကဏ္ဍပေါင်းစပ်ပါဝင်ဆောင်ရွက်သွားမည့် အခြေအနေများအား ရှင်းလင်းတင်ပြခဲ့ကြသည်။
ယင်းနောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် စားရေရိက္ခာဖူလုံရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တင်ပြချက်များပေါ် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဌာန၊ ဗိုလ်မှူးကြီး အောင်သောင်းထိုက်က နှစ်အလိုက်စီမံချက်များ ချမှတ်ဆောင်ရွက်သွားရမည့် လုပ်ငန်းစဉ်များအား အကြံပြုတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်စွက်လမ်းညွှန် မှာကြားခဲ့ကြောင်း သတင်းရရှိသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)