ကသာမြို့နယ်၌ သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ပေါင်းစပ်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားမြေဩဇာ ရောင်းချခြင်းအခမ်းအနား ကျင်းပ

ကသာ စက်တင်ဘာ ၆

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်တွင် သဘာဝမြေဩဇာ၊ ဓာတ်မြေဩဇာ အချိန်ကိုက်အချိုးကျ ပေါင်းစပ်သုံးစွဲရေး နည်းပညာပေးသင်တန်းနှင့် ယူရီးယားဓာတ်မြေဩဇာ ရောင်းချခြင်း အခမ်းအနားကို ယနေ့ နံနက် (၁၀) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းက အဖွင့်အမှာစကား ပြောကြားရာတွင် နိုင်ငံတော်အနေဖြင့် တောင်သူများအား စိုက်ပျိုးထုတ်လုပ်မှုကုန်ကျစရိတ် သက်သာစေရန်အတွက် ယူရီးယားဓာတ်မြေဩဇာများကို မိုးစပါးစိုက်တောင်သူများ အတွက် ဦးစားပေး ရောင်းချပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာမှ မြို့နယ်ဦးစီးမှူး ဦးကိုလေးက ဒေသတွင်းရှိ တောင်သူလယ်သမားများအနေဖြင့် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရာတွင်  သဘာဝမြေဩဇာနှင့် ယူရီးယားဓာတ်မြေဩဇာ များကို ရောစပ်၍ ရာသီအလိုက် အချိန်ကိုက် အချိုးကျဖျန်းပက်ပေးဖို့ လိုအပ်ကြောင်း၊ အထူးသဖြင့် ကောက်ပင်လှန်ချိန်၊ မှို့ကပ်ချိန် (အနှံသန္ဓေတည်ချိန်) နှင့် ဖုံးတုံးလုံးတုံးအချိန်များတွင် နွားချေး ဆွေးနှင့် ယူရီးယားဓာတ်မြေဩဇာ အရောတို့ကို အချိုးကျပက်ဖျန်းပေးရန် လိုကြောင်း၊  သဘာဝမြေဩဇာကို မိရိုးဖလာအပြင် စိုက်ပျိုးရေးဌာနမှ လက်တွေ့ပြုလုပ်သင်ကြားပေးထားသည့် သဘာဝမြေဆွေးပြုလုပ်နည်း များကို လက်တွေ့အသုံးချ သုံးစွဲနိုင်ရေးအတွက် လည်းကောင်း၊ မိမိတို့ကိုယ်တိုင် သဘာဝမြေဩဇာပြုလုပ်သုံးစွဲ သည့် အလေ့အထကောင်းများ ရရှိလာနိုင်စေရေး အတွက်လည်းကောင်း၊ သဘာဝမြေဩဇာသုံးစွဲခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းသော ဒေသ ထွက်ကုန်များ ရရှိလာနိုင်စေရေး အတွက် လည်းကောင်း၊ သဘာဝမြေဩဇာ သုံးစွဲခြင်းဖြင့် သီးနှံ မျိုးစုံနှင့် အပင်မျာ၏ ဖွံ့ဖြိုးတိုးတက်လာမှုများ၊ သီးနှံအပင်များ ဖျက်ပိုးများ၏ တိုက်ခိုက် ဖျက်ဆီးမှုအခြေအနေ၊ ခံနိုင်ရည်ရှိမှု၊ အခြေအနေများကို သိရှိနိုင်ရေးအတွက် ရည်ရွယ်၍ သင်တန်းကို ဖွင့်လှစ်ရခြင်းနှင့် ယူရီးယား ဓာတ်မြေဩဇာများကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေးရခြင်း ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ကသာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထက်ဝင်းနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကိုလေးတို့က ဒေသခံ တောင်သူများအား ယူရီးယားဓာတ်မြေဩဇာ များကို ဈေးနှုန်းသက်သာစွာဖြင့် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

 ကျော်စွာ(ကသာ)