ကယားပြည်နယ်တွင် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို ၊ အက ၊ အရေး ၊ အတီး ပြိုင်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်

လွိုင်ကော်      စက်တင်ဘာ  

ကယားပြည်နယ်တွင် ၂၀၂၃ ခုနှစ်၊ (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို အက အရေး အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့်ဆပ်ကော်မတီ၀င်များနှင့် အဆို၊ အက၊ အရေး၊ အတီး ပညာရှင်များ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ နာယက၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်က အဖွင့်အမှာစကားပြောကြားရာတွင် ပြည်နယ်အဆင့် အဆို အက အရေး ၊ အတီးပြိုင်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအသီးသီး၏ သက်ဆိုင်ရာကဏ္ဍအလိုက် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများ မျှော်မှန်းထားသည်ထက်ပို၍ ပြီးစီးနေပြီဖြစ်သည်ကိုတွေ့ရှိရပါကြောင်း ဆက်လက်ဆောင်ရွက်ရမည့်လုပ်ငန်းများ၊  ပြိုင်ပွဲဝင်များနှင့် တိုင်းရင်းသားရိုးရာအကအဖွဲ့များအတွက် လိုအပ်ချက်များကို ပြည့်စုံစွာဖြည့်ဆည်းပေးနိုင်ရေး ဆက်လက်ဆောင်ရွက်ကြရန်လိုကြောင်း၊  ပြည်နယ်ကိုယ်စားပြု ယှဉ်ပြိုင်ရန်ရွေးချယ်ခံရသူများအား ပြည်ထောင်စုအဆင့်တွင် အောင်မြင်မှုရရှိသည်အထိ မျှော်မှန်းပြီး ကြိုးစားနိုင်ရေး  ပြိုင်ပွဲအမျိုးအစားအလိုက် ပညာရှင်နည်းပြများဖြင့် နေ့စဉ်လေ့ကျင့်သင်ကြားပေးကြရန် ပြောကြားခဲ့သည်။

ဆက်လက်၍ ပြည်နယ်ပြိုင်ပွဲကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစိန်ဦးနှင့် လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမြင့်ကြည်တို့က ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများ ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်ရမည့် ပြိုင်ပွဲအဆင့်များနှင့် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်အဆင့်ဆင့်ကိုလည်းကောင်း၊  ဆပ်ကော်မတီအသီးသီးနှင့် ပညာရှင်များက လုပ်ငန်းကဏ္ဍအလိုက်ဆောင်ရွက်ပြီးစီးမှုနှင့်လုပ်ငန်းလိုအပ်ချက်များကိုလည်းကောင်း ဆွေးနွေးတင်ပြကြရာ ပြည်နယ်ဝန်ကြီးများက ဖြည့်စွက်ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆွေးနွေးတင်ပြမှုများအပေါ် ပံ့ပိုးဖြည့်ဆည်း ဆောင်ရွက်ပေးမည့် အစီအစဉ်များ ပေါင်းစပ်ဆောင်ရွက်ကြရမည့် လုပ်ငန်းများအား အသေးစိတ် ဆွေးနွေးမှာ ကြားခဲ့ကြောင်းသိရသည်။

ပြည်နယ်(ပြန်/ဆက်)