လွိုင်ကော် စက်တင်ဘာ ၆
ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးဇော်မျိုးတင်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့ မိုင်းလုံးရေစက်ရုံ၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ကယားပြည်နယ်အစိုးရအဖွဲ့၏ ရန်ပုံငွေဖြင့် လွိုင်ကော်မြို့နေပြည်သူများ သန့်ရှင်းသောသောက်သုံးရေ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် အဆင့်မြင့်တိုးချဲ့ဆောင်ရွက်နေသော တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter)အနှေး သဲရေစစ်ကန်တည်ဆောက်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ စီမံကိန်းရှင်းလင်းဆောင်တွင် တိုင်းရင်းသားရေးရာဝန်ကြီးဌာန၊ ကယားပြည်နယ် စည်ပင်သာယာရေးအဖွဲ့၊ ဒုတိယအင်ဂျင်နီယာမှူးကြီးက တစ်နေ့လျှင်ရေဂါလံ(၂၅)သိန်းစစ်နိုင်သည့် (Slow Sand Fitter)အနှေးသဲရေစစ်ကန်တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က အနှေးသဲရေစစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းအတွက် ရန်ပုံငွေများကို လုံလောက်စွာခွဲဝေချထားပေးပြီးဖြစ်၍ သတ်မှတ်ရက်အတွင်း ပြီးစီးစေရေးနှင့် စံချိန်စံညွှန်းမှန်ကန်ပြီး အရည်အသွေးပြည့်မီစေရေး စနစ်တကျကြီးကြပ်ဆောင်ရွက်သွားရန်၊ တည်ဆောက်ရေးလုပ်ငန်း တာဝန်ယူဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီအနေဖြင့်လည်း သတ်မှတ်အရည်အသွေးပြည့်မီကောင်းမွန်စေရေး၊ ကာလရှည်ခိုင်မာစွာအသုံးပြုနိုင်အောင် ခေတ်မီနည်းစနစ်များ အသုံးပြုဆောင်ရွက်နိုင်ရေး၊ ရေပေးဝေမှု ပြတ်တောက်ခြင်းမရှိစေရေး စနစ်တကျတည်ဆောက်ပေးရန်နှင့် အရည်အသွေးစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်၊ အကြံပြုချက်များအား တိတိကျကျ လိုက်နာဆောင်ရွက်သွားကြရန် ဆွေးနွေးမှာကြားခဲ့သည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လွိုင်ကော်မြို့၊ မိုင်းလုံးရေစက်ရုံရှိ အနှေးသဲရေစစ်ကန် တည်ဆောက်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး တည်ဆောက်ရေးလုပ်ငန်းများအား စနစ်တကျဆောင်ရွက်ထားသည်ကို တွေ့ရှိရပါကြောင်းနှင့် လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေးကို အထူးဂရုပြုကြရန် မှာကြားခဲ့သည်။
ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့သည် ရေးဆွဲပြဌာန်းထားသောဥပဒေများအရ “မြို့များအမြန် ခေတ်မီဖွံ့ဖြိုးတိုးတက်ရမည်” ဟူသော ဆောင်ပုဒ်နှင့်အညီ မြို့ပြစည်ပင်သာယာရေးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာတွင် လွိုင်ကော်မြို့နေ ပြည်သူများ ရာသီမရွေး သန့်ရှင်းသော သောက်ရေ၊ သုံးရေ လွယ်လင့်တကူ ဖူလုံလောက်ငှစွာ ရရှိသုံးစွဲနိုင်ရေးအတွက် ပြည်နယ်၏ ရေအရင်းအမြစ်ဖြစ်သော ဘီလူးချောင်းမှ အစပြု၍ မိုင်းလုံး ၊ ဥတ္တရာရုံ ၊ ဒေါဥခူ ၊ နာနတ်တော ၊ ဒေါတမ ၊ နမ့်ကွတ် ၊ ရေနီကန်နှင့် အစိုးရရေစက်ရုံအပါအဝင် စုစုပေါင်း ရေစက်ရုံ(၈)ရုံမှတစ်ဆင့် လွိုင်ကော်မြို့ ရပ်ကွက်ပေါင်း(၂၆)ရပ်ကွက်အတွင်းနေထိုင်သော ပြည်သူ(၁)သိန်းခန့်အား နေ့စဉ်နံနက်(၅း၃၀ မှ ၈း၃၀)နာရီ ၊( ၈း၃၀ မှ ၁၂း၃၀)နာရီ ၊ ( ၁၂း၃၀ မှ ၁၅း၃၀) ၊ ( ၁၅း၃၀ မှ ၁၉း၃၀) နာရီအချိန်ထိ ရပ်ကွက်များသို့ အလှည့်ကျစနစ်ဖြင့် တစ်ရက်လျှင် ရေကြည်ဂါလံပေါင်း (၃၇.၆)သိန်း ဖြန့်ဝေပေးလျက်ရှိကြောင်း၊ မိုင်းလုံးရေစက်ရုံတွင် တိုးချဲ့ဆောင်ရွက်နေသော(Slow Sand Fitter) အနှေးသဲရေစစ်ကန် တည်ဆောက်ခြင်းလုပ်ငန်းကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလအတွင်း ပြီးစီးအောင် လျာထားဆောင်ရွက်လျက်ရှိကြောင်း၊ တည်ဆောက်မှု လုပ်ငန်းပြီးစီးပါက မြို့ပေါ်ရပ်ကွက်(၁၃) ရပ်ကွက်ရှိ လူဦးရေ(၈)သောင်းခန့်အား နေ့စဉ်သန့်ရှင်းသောသောက်သုံးရေ ထပ်မံဖြည့်ဆည်း ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)