နတ်မောက်မြို့နယ် တဲကြီးကျေးရွာတွင် မကွေး-၁၆ ပင်ထောင် မြေပဲစံကွက် ရိတ်သိမ်း

နတ်မောက် စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက တဲကြီးကျေးရွာ တောင်သူ ဦးဘိုညို၏ မကွေး-၁၆ ပင်ထောင်မြေပဲစံကွက်ကို ယမန်နေ့ နံနက်ပိုင်းက  ရိတ်သိမ်းခဲ့ကြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ ဆီထွက်သီးနှံဖြစ်သည့် မြေပဲများအထွက်နှုန်း တိုးတက်ရေးအတွက် တောင်သူများနှင့် တွေ့ဆုံ၍ မျိုးကောင်းမျိုးသန့်များဖြင့် စိုက်ပျိုးနည်းစနစ်များ၊ မြေဆီဩဇာများထည့်သွင်းမှုအခြေအနေများကို အသိပညာပေးဆောင်ရွက်ခဲ့၍ မိုးမြေပဲများကို စိုက်ပျိုးခဲ့ရာ တောင်သူ ဦးဘိုညို၏ ယာမြေ (၅)ဧကတွင် မကွေး-၁၆ မျိုး စိုက်ပျိုးထားသော ပင်ထောင်မြေပဲစံစိုက်ခင်းအား မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ဝန်ထမ်းများနှင့် ဒေသခံတောင်သူများ စုပေါင်းရိတ်သိမ်းခဲ့ကြရာ တစ်ဧက မြေပဲအစို (၇၂)တင်း ထွက်ရှိကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူထံက သိရသည်။

 မူမူစန်း