သာပေါင်း စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကော်မတီအဖွဲ့ဝင်များတွေ့ဆုံ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကော်မတီ၊ စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်က ကော်မတီအဖွဲ့ဝင်တို့အား တစ်ဧက(၁၀)တင်း ပိုမိုထွက်ရှိရေး ဆောင်ရွက်ရန်၊ သစ်စိမ်းမြေသြဇာ (ပိုက်ဆံလျှော်) မျိုးစေ့ထုတ်ရေး ဆောင်ရွက်ရန်၊ ဆောင်းနေကြာ(၂၁၀၈)ဧက စိုက်ပျိုးရေး ကြိုတင်ဆောင်ရွက်ရန်၊ (၈၆)ဘီလီယံ နိုင်ငံ့စီးပွား မြှင့်တင်ရေး ရန်ပုံငွေသွင်းအားစုရယူသည့် တောင်သူများ သုံးစွဲမှုကြီးကြပ်စစ်ဆေးရေးဆောင်ရွက်ရန်၊ (၁)ဘီလီယံ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ချေးငွေရယူသည့်တောင်သူများ စိုက်ပျိုးမှုကြီးကြပ် ဆောင်ရွက်ရန်၊ ရိုးပြတ်ကျန်ရှိမှုအပေါ် စိုက်ပျိုးရေးကွင်းဆင်းဆောင်ရွက်ရန်၊ လယ်ယာမြေပေါ် အခြားနည်း ကျူးလွန်ထားရှိမှုအား ကျေးရွာအုပ်စုအလိုက် စိစစ်ပြီး လယ်ယာမြေဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ရန် တို့ကို တွေ့ဆုံလမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်