ထားဝယ် စက်တင်ဘာ ၆
၂ဝ၂၃-၂ဝ၂၄ ဘဏ္ဍာရေးနှစ်၊ တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ရန်ပုံငွေဖြင့် တင်ဒါခေါ်ယူဆောင်ရွက်သည့် နယ်စပ်ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါဖွင့်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပသည်။
အခမ်းအနားတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ စီးပွားရေးရာဝန်ကြီးဦးမောင်ကြီးက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့(မူလ)ခွင့်ပြုရန်ပုံငွေဖြင့် နယ်စပ်ဒေသဖွံ့ဖြိုးရေး လုပ်ငန်းအားလုပ်ငန်းစု ၄၇ ခု ခွင့်ပြုရန်ပုံငွေ ၁၂၁၂၇.၀၁၂ သန်းဖြင့် ၂၇-၇-၂၀၂၃ ရက်နေ့မှ ၂၅-၈-၂၀၂၃ ရက်နေ့အထိ တင်ဒါခေါ်ယူဆောင်ရွက်ခဲ့ပြီး တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၁၂၉ ခု ရှိကာ အိတ်ဖွင့်တင်ဒါတင်သွင်းသည့် လျှောက်လွှာစုစုပေါင်း ၂၆၅ စောင် တင်သွင်းနိုင်ခဲ့ကြောင်း၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအား ကော်မတီ(၄)ခု ဖွဲ့စည်း၍ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တင်ဒါဝင်ရောက် ယှဉ်ပြိုင်သည့် ကုမ္ပဏီအားလုံးကို Price Proposal တင်သွင်းခွင့်ပြုခဲ့ပြီး Profile and Technical Proposal နှင့် Price Proposal ရလဒ်များကို ကြည့်တင်ဒါအောင်မြင်သူအဖြစ် ရွေးချယ်သွားမှာဖြစ်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နယ်စပ်ဒေသဖွံ့ဖြိုးရေးလုပ်ငန်းကို ကုမ္ပဏီများမှတင်သွင်းခဲ့မှုရလဒ်များအား တိုင်းဒေသကြီးအစိုးရအဖွဲ့ (Cabinet) အစည်းအဝေးသို့ တင်ပြအတည်ပြုချက်ရယူပြီး အစည်းအဝေးဆုံးဖြတ်ချက်ဖြင့် တင်ဒါအောင်မြင်သော ကုမ္ပဏီကို ဆက်သွယ် အကြောင်းကြား ပေးသွားမှာဖြစ်ကြောင်း၊ မိမိတင်ဒါအောင်မြင်၍ တာဝန်ယူဆောင်ရွက်မည့် လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာနှင့် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် လူအင်အား၊ စက်ယန္တရားအင်အားများဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း ပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူးဦးခင်မောင်ချိုက ဓါတ်သတ္တုခွန်ကိစ္စရပ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ ညွှန်ကြားရေးမှူး ဦးရန်လင်းအောင်က တင်ဒါဖွင့်ပွဲနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက တင်ဒါတင်သွင်းသည့် ကုမ္ပဏီများ၏ လုပ်ငန်းစုအလိုက် ဈေးနှုန်းအဆိုပြုလွှာများအား ဖွင့်ဖောက်၍ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)