ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ထောင်စုများအား တာဝန်ရှိသူများမှ ကယ်ဆယ်ရေးစခန်းများသို့ ရွှေ့ပြောင်းဆောင်ရွက်

ပန်းတောင်း စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ထောက်စုများအား တာဝန်ရှိသူများမှ ကယ်ဆယ်ရေးစခန်းများသို့ ယမန်နေ့က ရွှေပြောင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပန်းတောင်းမြို့နယ်၊ ရွာသာယာကျေးရွာအုပ်စု၊ ရွာသာယာကျေးရွာတွင် အိမ်ခြေ (၁၁) အိမ်၊ လူဦးရေ ကျား (၂၆) ဦး၊ မ (၂၈) ဦး၊ စုစုပေါင်း (၅၄) ဦး နေထိုင်လျက်ရှိပြီး ယမန်နေ့က ဧရာဝတီမြစ်ရေစတင်ဝင်ရောက်ခဲ့ရာ စိုးရိမ်ရသည့် အခြေအနေမဟုတ်သေးကြောင်းနှင့် ဆင်တဲကျေးရွာအုပ်စု၊ ဆင်တဲတောင်ပိုင်းကမ်းနားလမ်းအနိမ့်ပိုင်းတွင် ဧရာဝတီမြစ်ရေတက်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ခြေ (၂) အိမ်၊ ကျား (၂) ဦး၊ မ (၇) ဦး စုစုပေါင်း (၉) ဦး တို့အား အာယုဒီဃဘုန်းတောင်ကြီးကျောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ လူများနှင့်နေအိမ်ရှိ အရေးကြီးပစ္စည်းများအား ရွေ့ပြောင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပန်းတောင်းမြို့နယ် ထုံးဘိုကျေးရွာအုပ်စု၊ ထုံးဘ်ိုကျေးရွာ ခတ္ထိယအနိမ့်ပိုင်းတွင် အိမ်ခြေ (၂၂) အိမ်၊ ကျား (၄၀) ဦး၊ မ (၃၇) ဦး၊ စုစုပေါင်း (၇၇) ဦး နေထိုင်လျက်ရှိပြီး မြစ်ရေတက်ရောက်မှုကြောင့် နေထိုင်ရန်အခက်အခဲရှိသည့် အိမ်ခြေ (၆) အိမ်၊ ကျား (၉) ဦး၊ မ (၁၃) ဦး၊ စုစုပေါင်း (၂၂) ဦး တို့အား မြသိန်းတန်ဘုရားတန်ဆောင်းတွင် ဖွင့်လှစ်ထားသော ကယ်ဆယ်ရေးစခန်းသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တပ်ရင်းတပ်ဖွဲ့များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းကာ ရွှေ့ပြောင်းဆောင်ရွက်လျက်ရှိပြီး ကျန်ရှိနေသောအိမ်ထောင်စု (၁၆) စုအား စိုးရိမ်ရသည့် အခြေအနေအားရောက်ရှိလာပါက ဆက်လက်ရွှေ့ပြောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

လပြည့်လင်း (ပြန်/ဆက်)