ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်‌စေရေး ပုဇွန်/ဂဏန်းအအေးခန်းစက်ရုံနှင့် ရေခဲစက်များသို့ သွားရောက်၍ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

ကျောက်ဖြူ    စက်တင်ဘာ  ၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ်မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူမြို့ပေါ် ရပ်ကွက်များရှိ  ပုဇွန်/ဂဏန်း အအေးခန်းစက်ရုံနှင့် ရေခဲစက်များသို့သွားရောက်ကာ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့ မြို့ပေါ်ရပ်ကွက်များသို့ မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေးမှုကို မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်စခန်းမှ မြို့နယ်ဦးစီးမှူး ဦးမင်းသူ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး ပူးပေါင်း၍ မြစ်နားတန်းရပ်ကွက်၊ စေတီရပ်ကွက်များသို့သွားရောက် ၍ ၎င်းရပ်ကွက်အတွင်းရှိ လူနေအိမ်များ၊ ဈေးဆိုင်များ၊ အလုပ်ရုံများ၊ ပုဇွန်/ဂဏန်း အအေးခန်း စက်ရုံနှင့် ရေခဲစက်များတွင်  မီးသုံးစွဲမှု စနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးချိတ်မီးကတ်များနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင် ထားရှိမှု ရှိ/မရှိတို့အား လှည့်လည် ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးသုံးစွဲရာတွင် ဆွေးမြစ်နေသော မီးကြိုးများကို အသုံးမပြုဘဲ အရည်အသွေးကောင်းသော မီးကြိုးများကိုသာ သုံးစွဲရေး၊ ထင်းမီးဖို၊ မီးသွေးမီးဖိုများဖြင့် ချက်ပြုတ်စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန်များ မကျန် ရှိစေရေး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဘုရားမီးပူဇော်ရာတွင် စနစ်တကျထွန်းညှိ ပူဇော်ကြရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများမဖြစ်ပေါ်စေရေးတို့ကို အကြံပြု၍ အသိပညာပေးခဲ့ကြောင်း သိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း