မင်းဘူး(စကု)မြို့နယ်၌ မြေနိမ့်ပိုင်းကျေးရွာအချို့ ဧရာဝတီမြစ်ရေ ထပ်မံဝင်ရောက်ခဲ့ပြီး စာသင်ကျောင်း (၃) ကျောင်း ယာယီပိတ်ထားရ

မင်းဘူး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး (စကု) မြို့နယ်၌ ဧရာဝတီမြစ်ရေ မြင့်တက်လာပြီး မြစ်ရေဝင်ရောက်မှုများကြောင့် ဧရာတီမြစ်ကမ်းဘေးရှိ မြေနိမ့်ပိုင်းကျေးရွာ အချို့တွင် ယမန်နေ့က မြစ်ရေများ ထပ်မံဝင်ရောက်ခဲ့ပြီး စာသင်ကျောင်း (၃) ကျောင်း ယာယီပိတ်ထားခဲ့ရကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် မန်းကျိုးကျေးရွာအုပ်စု၊ ထုံမကြီးကျေးရွာမှ အိမ်ထောင်စုပေါင်း (၃၅) စု၊ လူဦးရေ (၈၁) ဦးနှင့် ကျွဲ၊ နွားတိရိစ္ဆာန်များကို ရေဘေးလွတ်ရာ ကျောက်ကုန်းနှင့်သံကန်တန်း (၇) နေရာများတွင်လည်းကောင်း၊ နိဗ္ဗာန်ကျွန်းကျေးရွာမှ အိမ်ထောင်စုပေါင်း (၁၀၀) စု၊ လူဦးရေ (၁၀၀) ဦးနှင့် ကျွဲ၊ နွားတိရစ္ဆာန်များကို ညောင်ဇင်ဘုန်းတော်ကြီးကျောင်းတွင်လည်းကောင်း ယာယီပြောင်းရွှေ့ပေးထားကြောင်း၊ မြစ်ရေဝင်ရောက်မှုကြောင့် ထုံးမကြီးကျေးရွာမှ အခြေခံပညာ မူလတန်းကျောင်း၊ ရွာသစ်ကုန်းကျေးရွာမှ အခြေခံပညာမူလတန်းကျောင်းနှင့် နိဗ္ဗာန်ကျွန်းကျေးရွာမှ အခြေခံပညာအလယ်တန်းကျောင်းများကို မြစ်ရေကျသည့် အချိန်အထိ ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြင်က ပြောသည်။

မင်းဘူး(စကု)မြို့နယ်၌ ဧရာဝတီမြစ် စိုးရိမ်ရေအမှတ်သည် (၁၇၀၀) စင်တီမီတာဖြစ်ပြီး မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ မင်းဘူးမြို့ ဧရာဝတီမြစ်ရေအမှတ်သည် (၁၅၆၉) စင်တီမီတာသို့ရောက်ရှိနေပြီး စိုးရိမ်ရေအမှတ်သို့ ရောက်ရှိရန် (၁၃၁) စင်တီမီတာသာလိုတော့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။

မောင်မောင်(မင်းဘူး)