မင်းဘူးခရိုင်အတွင်း စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေး ဆီကုန်သည် လုပ်ငန်းရှင်များနှင့်တွေ့ဆုံ ညှိနှိုင်းအစည်းအဝေးကျင်းပ

မင်းဘူး စက်တင်ဘာ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် စားအုန်းဆီကို ပြည်သူများထံ ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် ဆီကုန်သည် လုပ်ငန်းရှင်/စားသုံးဆီအရောင်းဆိုင် ပိုင်ရှင်များနှင့် တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက်ပိုင်းက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် မြို့နယ် (၅) မြို့နယ်မှ ဆီကုန်သည်လုပ်ငန်းရှင်/စားသုံးဆီအရောင်းဆိုင် ပိုင်ရှင်များ တက်ရောက်ခဲ့ ကြသည်။

အစည်းအဝေးတွင် မင်းဘူးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းက ဒေသတွင်းရှိ ပြည်သူများထံ စားအုန်းဆီကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရေးအတွက် မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပေါင်းစပ်ညှိနှိုင်းပေးမှုဖြင့် မြန်မာနိုင်ငံဆီကုန်သည်ကြီးများအသင်း၊ တိုင်းဒေသကြီး ဆီကုန်သည်ကြီးများအသင်းတို့နှင့် ပူးပေါင်း၍ မင်းဘူးခရိုင်အတွက် စားအုန်းဆီခွဲတမ်း ဆီပေပါ အလုံး (၁၂၀) ရရှိခဲ့ကြောင်း၊ နောင်တွင် ဆီခွဲတမ်းများကို ယခုထက်ပိုမိုရရှိအောင် ကူညီဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဒုတိယ ဗိုလ်မှူးကြီး တင့်ကျော်က မြို့နယ်(၅)ခုအတွက် စားအုန်းဆီခွဲတမ်းများအလိုက် သတ်မှတ်ထားသော ဈေးနှုန်းများနှင့်အညီ စနစ်တကျ ရောင်းချပေးနိုင်ရေးနှင့် ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေးကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားသည်။

ထို့နောက် မကွေးတိုင်းဒေသကြီး ဆီကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ ဦးနေလင်းအောင်နှင့် မင်းဘူးခရိုင် စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်စုစုထွန်းတို့က ခရိုင်နှင့်မြို့နယ်များအလိုက် ဆီကုန်သည် လုပ်ငန်းရှင်များအသင်းကို ကော်မတီဖွဲ့စည်းထားရှိပြီး ကြီးကြပ်ဆောင်ရွက်သွားရမည့် လုပ်ငန်းများနှင့် သတ်မှတ်ဈေးနှုန်းအတိုင်း သယ်ယူ၊ တင်ပို့၊ ရောင်းချရပေးရမည့် လုပ်ငန်းစဉ်များကို ရှင်းလင်ပြောကြားပြီးနောက် မြို့နယ် (၅) ခုမှ တက်ရောက်လာသော ဆီကုန်သည် လုပ်ငန်းရှင်/စားသုံး ဆီအရောင်းဆိုင်ပိုင်ရှင်များ၏ လုပ်ငန်းအခက်အခဲ တင်ပြမှုများအပေါ် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မင်းဘူးခရိုင်အတွက် စားအုန်းဆီခွဲတမ်းအနေဖြင့် ဆီပေပါအလုံး (၁၂၀) ရရှိခဲ့ပြီး မြို့နယ်အလိုက် စားအုန်းဆီသုံးစွဲရောင်းချနိုင်မှုပေါ် ခွဲတမ်းများသတ်မှတ်ပေးခဲ့ရာ မင်းဘူး(စကု)မြို့နယ်က ဆီ‌ပေပါအလုံး (၄၀)၊ ပွင့်ဖြူမြို့နယ်က ဆီ‌ပေပါအလုံး (၂၀)၊ စလင်းမြို့နယ်က ဆီ‌ပေပါအလုံး (၃၀)၊ ငဖဲ မြို့နယ်က ဆီ‌ပေပါအလုံး (၂၀) နှင့် စေတုတ္တရာမြို့နယ်က ဆီ‌ပေပါ (၁၀) လုံးနှုန်းဖြင့် ခွဲဝေချထားပေးခဲ့ကြောင်း၊ အဆိုပါစားအုန်းဆီများကို သတ်မှတ်ရည်ညွှန်းရောင်းဈေး တစ်ပိဿာလျှင် ငွေ (၄၅၀၀) ကျပ် ဝန်းကျင်နှုန်းဖြင့် ဒေသခံပြည်သူများထံ ပြန်လည်ရောင်းချပေးရမည်ဖြစ်ကြောင်း မင်းဘူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)