ဘုတ်ပြင်းမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီမှ အသိပညာပေးဟောပြောပွဲဆောင်ရွက်

ဘုတ်ပြင်း စက်တင်ဘာ ၆ 

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့တွင် မြို့နယ်ကလေးသူငယ် အခွင့်အရေးဆိုင်ရာ ကော်မတီမှ ကလေးသူငယ်အခွင့်အရေးကို ကလေးများ ကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့်အန္တရာယ်များအား မိမိကိုယ်မိမိ ကာကွယ်နိုင်ရန်၊ ကလေးငယ်များသိရှိလိုက်နာတတ်ရန်၊ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်  ရည်ရွယ်ချက်ဖြင့် အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ထောင်ခမက်ကျေးရွာအုပ်စု အ.ထ.က-တောင်ဒဂုံကျောင်းခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဝင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီအဖွဲ့ဝင်များဖြစ်သည့် မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစိုးနိုင်ဝင်းက မူးယစ်ဆေးဝါးအန္တရာယ်အကြောင်းအရာများကိုလည်းကောင်း၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်သန်းဆင့်က ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးကိုလည်းကောင်း၊ မြို့နယ်အားကစားမှူး ဦးစောကျော်စိုးမိုးက အားကစားဆိုင်ရာအကြောင်းအရာများကိုလည်းကောင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကြီးကြပ်-၂ ဦးငြိမ်းမြတ်အေးက ကျောင်းကျန်းမာရေးအသိပညာပေးကိုလည်းကောင်း၊ ဒုတိယမြို့နယ်ပညာရေးမှူး  ဦးဇော်မိုးတို့က အသီးသီးဟောပြောခဲ့ကြကြောင်း သိရသည်။

အဆိုပါအသိပညာပေးဟောပြောပွဲသို့ အ.ထ.က-တောင်ဒဂုံကျောင်းမှ အထက်တန်း၊ အလယ်တန်း အဆင့်ကျောင်းသား /ကျောင်းသူများတက်ရောက်ခဲ့ကြပြီး ကလေးသူငယ်အခွင့်အရေးများနှင့် ပတ်သက်သည့်အကြောင်းအရာများအား အသိပညာဗဟုသုတရရှိစေရန် စာအုပ်စာစောင်များ နံရံကပ်စာစောင်များပြသထားရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)