နတ်တလင်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး ကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းအတိုင်း နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် စားအုန်းဆီတင်သွင်းသည့် ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ထုတ်ပေးခဲ့သည့် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရည်ညွှန်းလက်ကား စျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိကို ယနေ့ နံနက်ပိုင်းက မြို့မစည်ပင်သာယာဈေးအတွင်းနှင့် လက်ကားဖြန့်ဖြူးရောင်းချသည့် လုပ်ငန်းရှင်များထံသို့ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့သည်။
အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးအောင်နှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးဟန်ရှိန်နှင့်ဝန်ထမ်းများ၊ မြို့နယ်စားသုံးသူရေးရာ ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများပူးပေါင်း၍ လက်ကားရောင်းချသည့် စားအုန်းဆီကုန်သည်များအား ရန်ကုန်အထိုင်စျေး ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ရာခိုင်နှုန်းအမြတ်ထပ်မပိုသော စျေးနှုန်းဖြင့် စျေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး (ပြန်/ဆက်)