သပိတ်ကျင်းမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာဖတ်ဝိုင်း ပြုလုပ်

သပိတ်ကျင်း စက်တင်ဘာ   ၆

ပြည်သူများ စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အမှား၊အမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာပေချစ်မြတ်နိုးသူများ အဖွဲ့(BookClub)တို့ ပူးပေါင်းကာ စာရေးဆရာဒေါက်တာကျော်စိန် ရေးသားသည့် “လူငယ် လမ်းညွှန် ” စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်( ၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ‌၌ ကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ခင်နှင်းဆီက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်၊ဖတ်ရှုဆွေးနွေးမည့်စာအုပ်နှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ပြီး စာဖတ်ဝိုင်းကို ဆက်လက်ကျင်းပရာ ဒုတိယဦးစီးမှူးဒေါ်ဖြိုးမမက လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ လူငယ်နှင့် ကြီးပွားရေး စသည့်ခေါင်းစဉ်ပါအ‌ကြောင်းအရာများကို ဦးဆောင်ဆွေးနွေးခဲ့ရာ တက်ရောက်လာခဲ့ကြသည့် စာပေချစ်မြတ်နိုးသူများက အပြန်အလှန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်ဝိုင်းများပြုလုပ်ပေးခြင်း၊ သပိတ်ကျင်းမြို့နယ် ပြည်သူ့စာကြည့် တိုက် Facebook Page မှတစ်ဆင့် စာအုပ်မိတ်ဆက်ကဏ္ဍ တင်ဆက်ပေးခြင်း၊ ကလေးငယ်များအတွက် ပုံပြင်ပြောပြခြင်း၊ ကဗျာရွတ်ဆိုခြင်းနှင့် အသိပညာ ပေး(Talk Show)ဆွေးနွေးပွဲ အစီအစဉ်များကို လွှင့်တင်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)၊သပိတ်ကျင်း