ဘားအံ စက်တင်ဘာ ၆
ကရင်ပြည်နယ်အတွင်း ဇူလိုင်လနောက်ဆုံးပတ်မှစ၍ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေချောင်းရေများ မြင့်တက်လာပြီး ရေကြီးရေလျှံမှုများဖြစ်ပေါ်ကာ ကျွဲ၊နွားတိရစ္ဆာန်များ၏ စားကျက်၊ အစာစိုက်ခင်းနှင့် သိုလှောင်ထား သောအစာများရေလွှမ်းခဲ့သည့်အတွက် သဘာဝဘေးဒဏ်သင့်ဒေသများမှ တိရစ္ဆာန်များ လိုအပ်သည့်အစာအဟာရ ဖြည့်တင်းနိုင်ရန် တိရစ္ဆာန်အစာအိတ် (၃၀၀) အိတ်ကို ယမန်နေ့ မွန်းလွဲ ၂ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ တောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါအစာအိတ်များကို ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ်(၁၆၃ ဒဿမ ၅) သိန်းဖြင့် ဝယ်ယူထောက်ပံ့ပေးခြင်းဖြစ်ပြီး ထောက်ပံ့ပေးအပ်ရာတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးက ဘားအံ၊ လှိုင်းဘွဲ၊ ကော့ကရိတ်၊ မြဝတီမြို့နယ်များရှိ ကျေးရွာ အုပ်စုများအတွက် ကျွဲ၊ နွား အစာနုအိတ်ပေါင်း ၃၀၀ ကို ထောက်ပံ့ပေးသွားမည်ဖြစ်ပြီး တိရစ္ဆာန်များအတွက် လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုများဆောင်ရွက်နိုင်ရန် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ အားဆေးနှင့် ကုသဆေး(၁၃)မျိုးပါ အတွဲပေါင်း(၉၁)ကို ပေးအပ်ထားပြီးဖြစ်ကာ ဘေးသင့်ဒေသများသို့ သွားရောက်၍လည်း တိရစ္ဆာန်ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ ကြောင်း၊ မွေးမြူသူများအနေဖြင့် ရရှိလာသည့်တိရစ္ဆာန်အစာများကို အလေအလွင့်မရှိစေရန် စနစ်တကျ အသုံးပြုပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ဘားအံမြို့နယ်ရှိ ကျေးရွာ အုပ်စု(၈)အုပ်စုအတွက် ကျွဲ၊ နွား အစာနု(၁၆၀)အိတ်၊ လှိုင်းဘွဲမြို့နယ်ရှိ ကျေးရွာအုပ်စု(၄)အုပ်စု အတွက် ကျွဲ၊နွားအစာနု(၆၀)အိတ်၊ ကော့ကရိတ် မြို့နယ်ရှိ ကျေးရွာအုပ်စု(၄)အုပ်စုအတွက် အစာနု (၄၀)အိတ်၊ မြဝတီမြို့နယ်ရှိ ကျေးရွာအုပ်စု(၂)စုအတွက် အစာနု(၄၀) အိတ် စုစုပေါင်း အစာအိတ် (၃၀၀)ကို မွေးမြူရေးတောင်သူများထံ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။
ယင်းနောက် မွေးမြူရေးတောင်သူများကိုယ်စား ကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ထောက်ပံ့ပေးအပ်သော တိရစ္ဆာန်အစာအိတ်များကို ကြည့်ရှုစစ်ဆေးကာ မွေးမြူရေးတောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံ၍ အားပေးစကားများပြောကြားခဲ့ကြသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)