ပုလောမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

ပုလော  စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို စက်တင်ဘာလ ၄ ရက်နေ့ မွန်းလွဲ(၁) နာရီအချိန်က ပုလောမြို့အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စကားဝိုင်းတွင် ပုလောမြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ကျောင်းတာဝန်ခံ ဆရာမကြီးဒေါ်သီသီလတ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး၊ မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးမှူးဒေါ်အေးအေးမော်က ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးလာစေရန်၊ ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်၊ ကျောင်းသားအချင်းချင်း အသိပညာဖလှယ်နိုင်ရန်နှင့်လူအများရှေ့တွင်ရဲ့ဝံ့စွာ စကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများ ရရှိလာစေရန် ရည်ရွယ်ချက်တွေနှင့်ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်အေမီလှိုင်က Moderator အဖြစ်ဆောင်ရွက်ပြီး၊ မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က ဖြည့်စွက် ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ၊ ပုလောမြို့အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်း၊ Grade -12  မှ မောင်ကောင်းသန့်ဇော်၊ မသူဇာဆင့်  လူငယ်နှင့်ပညာရေးခေါင်းစဉ်ဖြင့် လည်းကောင်း၊  Grade -11 မှ မောင်အောင်ဇော်ထွေးနှင့် မသိမ့်သန္တာလင်းတို့က လူငယ်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူး ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါလူငယ်စကားဝိုင်းကို ကျောင်းသားကျောင်းသူ (၂၀၀) ဦးခန့်တက်ရောက်ခဲ့ကြောင်း၊ ဝင်ရောက်ဆွေးနွေးကြသည့် ကျောင်းသား/ကျောင်းသူများကို မြို့နယ်ဦးစီးမှူး ဒေါ်အေးအေးမော်က အမှတ်တရ လက်ဆောင်များပေးအပ်ခဲ့ကြောင်းနှင့် မြို့နယ် ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော နံရံကပ်စာစောင်နှင့် သုတ/ရသ စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာ လေ့လာဖတ်ရှုခဲ့ကြောင်း သိရသည်။

အေးအေးမော်(ပုလော)