ငဖဲ စက်တင်ဘာ ၆
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၌ ၂၀၂၃ ခုနှစ် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး (T.S.D.P) အစီအစဉ်အရငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့ ညနေ ၃ နာရီအချိန်က ငဖဲမြို့ အခြေခံပညာအထက်တန်းကျောင်းရှေ့၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးက မြို့နယ်အနေဖြင့် အားကစားကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး (T.S.D.P) အစီအစဉ်အရ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှကြီးမှူး၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲကျင်းပ ပြုလုပ်ရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားပြီး ဗိုလ်လုပွဲယှဉ်ပြိုင် ကစားနေမှုများအား ကြည့်ရှုအားပေးကာ ပထမဆုရရှိသည့် အ.ထ.က(ငဖဲ)အသင်းနှင့် ဒုတိယဆုရရှိသည့် ဘုန်းထက်လျှံ (ပဒါန်း) ကိုယ်ပိုင်အထက်တန်း ကျောင်းအသင်းတို့အား ငဖဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးနှင့်အဖွဲ့ဝင်များ၊ ဒု-မြို့နယ်ပညာရေးမှူး ဦးခင်မောင်ဝင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဖလားဆု၊ ဆုဆွဲပြားများနှင့် ဂုဏ်ပြုဆုငွေများကို အသီးသီးပေးအပ်ချီးမြှင့်ခဲ့သည်။
အဆိုပါ အခြေခံပညာကျောင်းပေါင်းစုံ ဘောလီဘောပြိုင်ပွဲသို့ မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများမှ အသင်း (၆) သင်းဝင်ရောက်၍ အုပ်စုပတ်လည်အမှတ် ပေးစနစ်ဖြင့် ယှဉ်ပြိုင်ကစားကြပြီး ပြိုင်ပွဲကို စက်တင်ဘာလ (၄) ရက်နေ့မှ (၅) ရက်နေ့အထိ ကျင်းပခဲ့ကြောင်း သိရသည်။
မယု(ငဖဲ)