ဟင်္သာတ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ၂၀၂၂-၂၀၂၃၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Youth Affairs Week ၊ လူငယ်သတင်းပတ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နေ့လယ် ၁ နာရီက ပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လူမှုရေးရာ ဝန်ကြီး ဦးမောင်မောင်သန်း၊ သယံဇာတရေးရာ ဝန်ကြီး ဦးအုန်းမြင့်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောလင်းခယ်၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေနှင့် ဒုတိယပါမောက္ခချုပ်များ၊ ဟင်္သာတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ/ ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ ကျောင်းသား /သူများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက "ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၏ ဟင်္သာတတက္ကသိုလ်တွင် ကျင်းပပြုလုပ်သော လူငယ်သီတင်းပတ်တွင် ကျောင်းသား/သူ လူငယ်များနှင့် တွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ပါ ကြောင်း၊ လူငယ်များသည် အနာဂတ်နိုင်ငံအတွက် အားကိုးအားထားရမည့် မျိုးဆက်သစ်များဖြစ်သည့်အတွက် ဗလငါးတန်နှင့် ပြည့်စုံရန်လည်း လိုအပ်ပါကြောင်း၊ တိုင်းပြည် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုများအဖြစ် ပါဝင်နိုင်ရေး ဗလငါးတန်ဖြင့် ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဧရာဝတီတိုင်း ဒေသကြီးမှ ကျောင်းသား/သူများအနေဖြင့် ကာယ စွမ်းအား၊ ဉာဏစွမ်းအားဖြင့် ကျရာတာဝန်မှာ တာဝန်ထမ်းဆောင်နိုင်မည့် နိုင်ငံသားကောင်း များဖြစ်အောင် ကြိုးစားကြစေလိုကြောင်း "အဖွင့်အမှာစကားပြောကြားခဲ့ပြီး ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေမှ" ယနေ့ လူငယ်များသည် မိမိကိုယ်တိုင် ကျန်းမာရေးကို အထူးဂရုပြုရန်နှင့် မိမိကိုယ်နှင့် စိတ်ကို အလှဆင်ရန်၊ မိမိပတ်ဝန်းကျင် ကောင်းကျိုးအလုပ် များကို လုပ်ဆောင်ကြရန်" စသည်ဖြင့် အမှာစကား ပြောကြားပြီးနောက် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ဟင်္သာတ တက္ကသိုလ် ပါမောက္ခချုပ်ထံသို့ အလှူငွေကျပ်(၁၀)သိန်းအား ထောက်ပံ့ပေးအပ်ခဲ့သည်။
ထို့နောက် ဟင်္သာတတက္ကသိုလ် ကျောင်းသား/သူများမှ ဟင်္သာတ တက္ကသိုလ်သီချင်းဖြင့် လည်းကောင်း၊ မြကျွန်းညိုညိုသီချင်းဖြင့် လည်းကောင်း သီဆိုဖျော်ဖြေမှုများအား ကြည့်ရှုအားပေးခဲ့ပြီးနောက် ဟင်္သာတတက္ကသိုလ်မှ ဘာသာရပ်အလိုက် ထုတ်ကုန်ပစ္စည်းများ ရောင်းချမှုများကို အားပေးကြည့်ရှုခဲ့ပါသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် ဟင်္သာတမြို့၊ နတ်မော်လမ်းရှိ ဦးအောင်မြတ်ကျော်ခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် ပန်းခင်းစီမံချက် အဆင့်(၂)ဖြင့် အိမ်ထောင်စုလူဦးရေစာရင်း ကောက်ယူခြင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးနေမှုများအား သွားရောက် ကြည့်ရှုစစ်ဆေးခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ တိုင်းဦးစီးမှူး၊ ခရိုင်ဦးစီးမှူးတို့က လုပ်ငန်းဆောင်ရွက်မှု အခြေ အနေ များအား ရှင်းလင်းတင်ပြခဲ့ကြပြီး ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)