ပုလောမြို့တွင် စက်လှေကိုင်တွယ် မောင်းနှင်ထိန်းသိမ်းမှု(မွမ်းမံ)သင်တန်း (၄/၂၀၂၃) ဖွင့်လှစ်

ပုလော စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့တွင် မီးသတ်တပ်ဖွဲ့၏ မီးငြိမ်းသတ်ရေးနှင့်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများတွင် စက်လှေမောင်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် တပ်ဖွဲ့ဝင်များကို စက်လှေမောင်းနှင် ပိုမိုကျွမ်းကျင်စေရန်နှင့် ပြည်သူလူထုအား ထိရောက်စွာကူညီပေးနိုင်စေရန်အတွက် စက်လှေကိုင်တွယ်မောင်းနှင်ထိန်းသိမ်းမှု (မွမ်းမံ)သင်တန်း (၄/၂၀၂၃)သင်တန်းကို စက်တင်ဘာလ (၄)ရက်နေ့ နံနက် ၉နာရီအချိန်က ပုလောမြို့နယ် မီးသတ်ဦးစီးဌာနခန်းမတွင် ဖွင့်လှစ်ခဲ့သည်။

သင်တန်းတွင် ပုလောမြို့နယ် အမှတ်(၁)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်ကိုဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မီးသတ်ဦးစီးဌာနတွင် အသုံးပြုလျက်ရှိသည့် ရှာဖွေကယ်ဆယ်ရေး ရေယာဉ်အမျိုးမျိုး ကိုင်တွယ်မောင်းနှင်ရာ၌ ရေယာဉ်မောင်းသူ တစ်ဦးအနေဖြင့် ရေယာဉ်ပဲ့ထိန်းမှုစနစ် သဘောတရားများအား နားလည်သိရှိပြီး ရေပြင်ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရေပြင်မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် စက်လှေများကို ကျွမ်းကျင်စွာမောင်းနှင်တတ်စေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်ဇင်ထိုက်က ပြောကြားခဲ့သည်။

အဆိုပါ သင်တန်း၌ လက်တွေ့ရေယာဉ် မောင်းနှင်ခြင်း၊  စက်လှေတစ်စီး၏ အခြေခံဖြစ်သော အလုပ်လုပ်ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ပဲ့ထိန်းစနစ်အလုပ်လုပ်ပုံ၊ မီးငြှိမ်းသတ်ရေးအတွက် ရေစုပ်ရေပက်ခြင်းသင်ခန်းစာများ၊  စက်လှေနှင့်သက်ဆိုင်သော သင်ခန်းစာများ၊ ရှာဖွေကယ်ဆယ်ရေးနှင့် မီးငြှိမ်းသတ်ရေး လုပ်ငန်းများတွင် စက်လှေမောင်းများအနေဖြင့် လုပ်ဆောင်ရမည့် လုပ်ငန်းအဆင့်ဆင့်များကို ပိုမိုကျွမ်းကျင်အောင် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်းနှင့်သင်တန်းကို သန္ဓေမီးသတ်တပ်ဖွဲ့၊ အရန်မီးသတ်တပ်ဖွဲ့ဝင် သင်တန်းသား(၁၀)ဦး တက်ရောက်ပြီး ဒုတိယအကြိမ်ဖွင့်လှစ်ခြင်းဖြစ်ကြောင်းနှင့် သင်တန်းကာလ ရက်သတ္တပတ်(၂)ပတ် စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

အေးအေးမော် (ပုလော)