ပုလော စက်တင်ဘာ ၆
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၌ မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင်အဆင့်) ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး မြို့နယ်အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို စက်တင်ဘာလ ၄ ရက်နေ့ နံနက် ၁၁ နာရီက ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ပုလောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင်စိုးက မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီး (ခရိုင် အဆင့်) ပြိုင်ပွဲဝင်ရောက်နိုင်ရေးအတွက် မြို့နယ်အဆင့် ပြိုင်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေး၊ မြို့နယ် အဆင့်ဝင်ရောက်ယှဉ်ပြိုင်မည့် ပြိုင်ပွဲဝင်များအား ခရိုင်အဆင့် ပြိုင်ပွဲတွင် အရည်အချင်း ပြည့်မီစွာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး ဆောင်ရွက်သွားရန် အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးကို တက်ရောက်လာကြသူ ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်အဆင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် အခမ်းအနားပြင်ဆင်နေရေး၊ ဆုချီးမြှင့်ရေး၊ ပြိုင်ပွဲဝင် ကျောင်းသား၊ကျောင်းသူများအား စိစစ်ရွေးချယ်ရေး၊ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး။ လုံခြုံရေး၊ ဖိတ်ကြားရေးနှင့် ကြိုဆိုနေရာချထားရေးဆိုင်ရာ လုပ်ငန်းအသီးသီးကို အပြန်အလှန် ညှိနှိုင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။
အေးအေးမော် (ပုလော)