ရှမ်းရွာသစ် စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး စပါးသီးနှံများရေနစ်မြုပ်ကာပျက်စီးထိခိုက် ဆုံးရှုံးမှုများရှိသောကြောင့် ပျက်စီးဆုံးရှုံးသွားသော စပါးသီးနှံပင်များ အဆင်ပြေစွာအချိန်မီပြန်လည် စိုက်ပျိုးနိုင်ရေးအတွက် တောင်သူများပြင်ဆင် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် စိုက်ပျိုးရေးဦးစီးမှူးဦးမြင့်မောင်နှင့် ကျေးရွာအုပ်စုတာဝန်ရှိသူများက မိုးစပါး စိုက်ပျိုး သည့် တောင်သူများအား သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံးသွားသော စပါးသီးနှံပင်များအား အဆင်ပြေစွာ အချိန်မီပြန်လည်စိုက်ပျိုးနိုင်စေရေးနှင့် သီးနှံအထွက်နှုန်းများ တိုးတက်ကောင်းမွန်စေရေးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ မိုးစပါးနှင့်ဓာတ်မြေဩဇာများထောက်ပံ့ပေးအပ်ထားပြီဖြစ် ကြောင်း၊ လိုအပ်သောစိုက်ပျိုးမှုနည်းပညာများကိုလည်း တောင်သူများသိရှိနိုင်ရန်အတွက် ကွင်းဆင်းဆောင်ရွက်ပြီး နည်းပညာပံ့ပိုးမှုများကိုလည်း ပူးပေါင်း၍ဆောင်ရွက်ပေးလျက်ရှိကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးထံမှ သိရသည်။
ရှမ်းရွာသစ်မြို့တွင် ဩဂုတ်လ(၁)ရက်နေ့မှ (၁၀)ရက်နေ့အထိ မိုးများသည်းထန်စွာရွာသွန်းမှုကြောင့် ကျေးရွာ အုပ်စု(၄)အုပ်စုတွင် ရေကြီးရေလျှံမှုများဖြစ်ပွားခဲ့ပြီး မိုးစပါးစိုက်ဧက (၄၅၁)ဧကရေလွှမ်းမှုဖြစ်ပွားခဲ့ရာ ထိခိုက်ပျက်စီးမှုမှာ (၂၂၁)ဧကရှိကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)