မအူပင် စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟို ဌာန (Community Centre) ခန်းမတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းနှင့် စာပေဝါသနာရှင်များ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ (၂)နာရီက စာဖတ်ဝိုင်းကျင်းပ ပြုလုပ်သည်။
ရှေ့ဦးစွာ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးက စာပေဖတ်ရှုခြင်းသည် အလေ့အကျင့်ကောင်း တစ်ခုဖြစ်ကြောင်းနှင့် စာပေဖတ်ရှု ခြင်းဖြင့် ရရှိလာသည့် အသိပညာဗဟုသုတများအား လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း နာယကဦးပိုက်မှ စာရေးဆရာမခင်စောတင့် ရေးသားသည့် စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ပါအကြောင်းအရာများအား ဖတ်ရှု၍ ရှင်းလင်းဆွေးနွေး ပြောကြားသည်။ ဆက်လက်၍ စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင် ဆရာဦးစိုး (ပညာရေး-ငြိမ်း)မှ စွန့်စားမှုဆီသို့ ခြေတစ်လှမ်း ဆောင်းပါးအား ဖတ်ရှု၍ ရှင်းလင်းဆွေးနွေး ပြောကြားပြီး တက်ရောက်လာကြသည့် စာပေဝါသနာရှင်များမှ စာအုပ်ပါ အကြောင်းအရာများအား အသီးသီး ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မအူပင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဝန်ထမ်းစာဖတ်ဝိုင်းများ၊ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာဖတ်ဝိုင်းများနှင့် စာပေဝါသနာရှင် စာဖတ်ဝိုင်းများအား လစဉ် စဉ်ဆက်မပျက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မအူပင်ခရိုင် (ပြန်/ဆက်)