ရှမ်းရွာသစ်မြို့ မဲသမူးကျေးရွာအုပ်စုတွင် ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးငယ်များအား ထောက်ပံ့ငွေများ လက်ဝယ်အရောက်ပေးအပ်

ရှမ်းရွာသစ် စက်တင်ဘာ ၆

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွား လာသော အသက်(၂)နှစ်အောက် ကလေးငယ်များအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ် (ဧပြီ၊ မေ၊ ဇွန်) လများအတွက် ထောက်ပံ့ကြေးများကို ယနေ့နံနက်(၉)နာရီအချိန်က မဲသမူးကျေးရွာအုပ်စုတွင် တာဝန်ရှိသူများက ထောက်ပံ့ငွေများ လက်ဝယ်အရောက် ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းတွင် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးက ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့် စပ်လျဉ်း၍ ကိုယ်ဝန်ဆောင်မိခင်များနှင့် ကလေးများအား အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အခြေခံ လိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အာဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်းသည့် ရင်သွေးငယ်များမွေးဖွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် မဲသမူးကျေးရွာအုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၄၅)ဦးနှင့် ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်(၂)ဦး၊ စုစုပေါင်း(၄၇)ဦးတို့အတွက် ထောက်ပံ့ငွေကျပ် (၁၉၈၀၀၀၀/-)ကို လက်ဝယ်အရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စု(၇)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၈၃)ဦး၊ ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်(၁၃၀)ဦး စုစုပေါင်း(၂၁၃)ဦးအတွက် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ကြေးငွေစုစုပေါင်း (၈၉၇၀၀၀၀/-) ကျပ်ကို လက်ဝယ်အရောက်ရရှိစေရေးအတွက် စနစ်တကျ အိမ်တိုင်ရာရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။

ဇင်လေး(ပြန်/ဆက်)