ရှမ်းရွာသစ် စက်တင်ဘာ ၆
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ဒေသနေပြည်သူများ ကျန်းမာရေးအသိပညာဗဟု သုတရရှိစေရန်နှင့် ကျန်းမာရေး ကောင်းမွန်စေရန်ရည်ရွယ်၍ လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ နယ်လှည့်ကွင်းဆင်းဆေးကုသခြင်းနှင့် ကျန်းမာရေးအသိပညာပေး ဟောပြောပွဲခြင်းလုပ်ငန်းများကို ယမန်နေ့က ရှမ်းရွာသစ်မြို့ (၁၆)ကုတင်ဆံ့တိုက်နယ်ဆေးရုံတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းတွင် လှိုင်းဘွဲမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါက်တာစောငြိမ်းထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများက မကူးစက်တတ်သောရောဂါများဖြစ်သော သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ ကင်ဆာရောဂါများအကြောင်းကို စကောကရင်၊ မြန်မာနှစ်ဘာသာဖြင့် အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ရှမ်းရွာသစ်မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများရှိ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များ၊ နာတာရှည် ရောဂါခံစားရသူများ၊ ဆီးချိုရောဂါ၊ သွေးတိုးရောဂါနှင့်အထွေထွေရောဂါများရှိသော ဒေသနေပြည်သူ (၁၅၀) ဦးအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်ပေးမှုဆိုင်ရာလုပ်ငန်းများကို အခမဲ့ကုသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဇင်လေး(ပြန်/ဆက်)