ရွှေတောင် စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ ယွန်းတန်းရပ်ကွက်၊ သရက်တောရပ်ကွက်နှင့် နွားမယံကျေးရွာအုပ်စုတို့တွင် ယမန်နေ့နံနက်ပိုင်းက ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ ဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်( ၁)ပြည်လျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်( ၄၀) အိတ်၊ ဆီ( ၁) ပိဿာလျှင် ( ၄၄၀၀)ကျပ်နှုန်းဖြင့် ( ၃၀၀)ပိဿာတို့ကိုရောင်းချပေးခဲ့သည်။
အဆိုပါ ဆန်၊ ဆီရောင်းချပေးခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများကို စနစ်တကျရောင်းချပေးခဲ့ကြောင်း သိရသည်။
ကိုကိုမင်း ( ပြန် /ဆက်)