လက်ပံတန်း စက်တင်ဘာ ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ပြည်သူများစားသုံးဆီကို သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြန်မာနိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ အစီအစဉ်ဖြင့် စားသုံးဆီများကို သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းဖြင့် ရောင်းချပေးခြင်းကို ဦးမြင့်အေး ကုန်စုံဆိုင်၊ ဦးပေါက်ကုန်စုံဆိုင်တို့နှင့် ခိုင်ဆန်နှင့်ကုန်စုံအရောင်းဆိုင်တို့မှ စည်ပင်သာယာ မြို့မဈေးရှေ့၌ ယနေ့နံနက်ပိုင်းက ရောင်းချပေးခဲ့သည်။
ထိုသို့ရောင်းချပေးရာတွင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ ထုတ်ပေးခဲ့သည့် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းနှင့်အညီ ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခ ကုန်ကျစရိတ်များ ထပ်ပေါင်း၍ ငါးဆယ်ကျပ်သားဝင် စားအုန်းဆီတစ်ဘူးလျှင် (၂၀၀၀)ကျပ်နှုန်းဖြင့် ပြည်သူတစ်ဦးကို တစ်ဘူးနှုန်း ရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် မြို့မဈေးတာဝန်ခံတို့က စီမံကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)