၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနား လွိုင်ကော်မြို့၌ ကျင်းပ

လွိုင်ကော် စက်တင်ဘာ ၆

၂၀၂၃-၂၀၂၄ ပညာသင်နှစ် ၊ လူငယ်သီတင်းပတ်(Youth week)လှုပ်ရှားမှုများ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ၊ ကယားသဇင်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ရာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဒေသကွပ်ကဲရေးမှူး၊ တက္ကသိုလ်အသီးသီးမှ ပါမောက္ခချုပ်နှင့် ကျောင်းအုပ်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊  လွိုင်ကော်ပညာရေးဒီဂရီကောလိပ်မှ ဆရာ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ဒေသကွပ်ကဲမှုစစ်ဌာနချုပ်(လွိုင်ကော်)၊ ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်း ၊ ကယား ပြည်နယ်အစိုးရအဖွဲ့ဝင်၊ စီးပွားရေးရာဝန်ကြီးဦးစိန်ဦးတို့က လူငယ်သီတင်းပတ်အခမ်းအနားကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက Fitness Dance အကဖြင့် ကပြဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က Fitness Dance အကဖြင့် ကပြဖျော်ဖြေ တင်ဆက်ခဲ့ကြသော ကျောင်းသား၊ ကျောင်းသူ(၁၀၀)ဦးအတွက် ဝတ်စုံစရိတ်နှင့် ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ပြည်နယ်ဝန်ကြီးချုပ်က လူငယ်သီတင်းပတ်(Youth week) လူငယ်လှုပ်ရှားမှုများအခမ်းအနား၌ အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့အခမ်းအနားကို ပြည်နယ်၏ အနာဂတ်အတွက် ဦးဆောင်နိုင်သည့် အရည်အသွေးပြည့်ဝသော ဆရာ ၊ ဆရာမကောင်းများ ပေါ်ထွက်လာစေရန် ၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာစေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း ၊ အနာဂတ်တွင် နိုင်ငံတော်၏ တာဝန်များကိုပခုံးပြောင်း တာဝန်ထမ်းဆောင်နိုင်ရန်အတွက် လူ့စွမ်းအားအရင်းအမြစ်ကောင်းများ မွေးထုတ်ပေးရေးသည် အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ကြောင်း၊ ၂၁ ရာစုပညာရေးသည် ဗလငါးတန်ဖွံ့ဖြိုးမှုမှအစပြုပြီး ဘက်စုံပညာရေးဖွံ့ဖြိုးမှုအထိ ဦးတည်လျက်ရှိကြောင်း၊ သင်တန်းသား၊ သင်တန်းသူများအနေဖြင့် ဗလငါးတန်နှင့်ပြည့်စုံသော မျိုးဆက်သစ်လူငယ်လူရွယ် ဆရာ၊ ဆရာမများဖြစ်လာအောင် ကြိုးစားလေ့ကျင့်သင်ယူသွားကြစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က လွိုင်ကော်ပညာရေးဒီဂရီကောလိပ် ကျောင်းသား၊ ကျောင်းသူများ၏ စားသောက်စရိတ်အတွက် ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့ပြီး ကျောင်းသား ၊ ကျောင်းသူများ ဖျော်ဖြေတင်ဆက်သည့်  ဦးရွှေရိုးနှင့်ဒေါ်မိုး အက၊ လက်ပံပွင့်ကောက်သီချင်းအက၊ Zumba အက၊ ပန်းကမ္ဘာမျှော်စင်သီချင်း အက ၊ The Farmer in the Deil တေးသရုပ်ဖော်အက ၊ The Hare & The Tortoise ပုံပြင် တေးသရုပ်ဖော်အက ၊ မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှု တားဆီးကာကွယ်ရေးပညာပေး "နွံ" ပြဇာတ်များဖြင့် ကပြဖျော်ဖြေတင်ဆက်ခဲ့မှုများကို ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ကယားပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်စီးပွားရေးရာဝန်ကြီးဦးစိန်ဦးက သီဆိုကပြဖျော်ဖြေတင်ဆက်သွားကြသော ကျောင်းသား၊ ကျောင်းသူအကအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာ ၊ ဆရာမများ ၊ ကျောင်းသား ၊ ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံ နှုတ်ဆက်စကား ပြောကြားခဲ့သည်။

လူငယ်သီတင်းပတ်(Youth week)ဖြစ်သည့် စက်တင်ဘာလ(၄)ရက်နေ့မှ (၈)ရက်နေ့အထိ လွိုင်ကော်ပညာရေး ဒီဂရီကောလိပ်၌ ကာယဗလ ၊ ဉာဏဗလ ၊ ဘောဂဗလ၊ စာရိတ္တဗလနှင့် မိတ္တဗလဟူသည့် ဗလငါးတန်နှင့် သက်ဆိုင်သည့်လှုပ်ရှားမှုများအဖြစ် ဈေးရောင်းပွဲတော်၊ အသိပညာပေးဟောပြောပွဲများ၊ အားကစားပြိုင်ပွဲများ ၊ ညစာစားပွဲနှင့် ပျော်ပွဲရွင်ပွဲများကို နေ့အလိုက် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)