စလင်းမြို့နယ်တွင် ကျေးရွာအုပ်စု (၅) အုပ်စုမှ အခြေခံပညာကျောင်း (၅) ကျောင်း ဧရာဝတီမြစ်ရေဝင်ရောက်၍ ခေတ္တယာယီပိတ်

စလင်း စက်တင်ဘာ ၆

မကွေးတိုင်းဒေသကြီး၊  မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ  ကျေးရွာအုပ်စု (၅) အုပ်စုတို့ရှိ     အခြေခံပညာကျောင်း (၅) ကျောင်းတို့အား  ဧရာဝတီမြစ်ရေတိုးလာမှုကြောင့်  ယမန်နေ့မှ စတင်၍  ကျောင်းသား၊ ကျောင်းသူများနှင့် ဆရာ၊ ဆရာမများ  ကျန်းမာရေးနှင့်ဘေးအန္တရာယ်  မဖြစ်ပေါ်စေရေးအတွက်  ခေတ္တယာယီ ပိတ်သိမ်းထားရကြောင်းကို  မြို့နယ်ပညာရေးမှူးရုံးမှ  သိရသည်။

စလင်းမြို့နယ်အတွင်းနှင့်  နေရာဒေသမြို့နယ်  အသီးသီးတို့တွင်  မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့်  ဧရာဝတီမြစ်ရေမြှင့်တက်လျက်ရှိရာ  စလင်းမြို့နယ်၊ ဆင်မကျွန်းကျေးရွာ၊ ပေါက်လေးပင်ကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ကျောက်ရဲကျွန်းကျေးရွာ၊ သနပ်ကုန်းကျေးရွာအုပ်စုများရှိ  အခြေခံပညာကျောင်း (၅) ကျောင်းဖြစ်သည့်၊ အခြေခံပညာ အထက်တန်းကျောင်းခွဲ၊ ဆင်မကျွန်း၊ အခြေခံပညာမူလတန်းကျောင်း ပေါက်လေးပင်၊ အခြေခံပညာမူလတန်းကျောင်း  ဇီးကျွန်း၊ အခြေခံပညာအထက်တန်းကျောင်းခွဲ  ကျောက်ရဲကျွန်း၊ အခြေခံပညာအထက်တန်းကျောင်း သနပ်ကုန်းကျောင်းများအား  ဧရာဝတီမြစ်ရေဝင်ရောက်လျက်ရှိ၍  ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များ၏  ကျန်းမာရေးနှင့်အသက်အန္တရာယ် ထိခိုက်မှုမရှိစေရန်၊ ကျောင်းများကို  ခေတ္တယာယီပိတ်သိမ်းထားရခြင်းဖြစ်သည်။

အဆိုပါ ကျောင်းများ  ခေတ္တပိတ်ထားရခြင်းနှင့်  ပတ်သက်၍  ဧရာဝတီမြစ်ရေဝင်ရောက်သည့်  ကျေးရွာများရှိ  အခြေခံပညာကျောင်းများကို  စနေ၊ တနင်္ဂနွေနေ့များတွင်  အစားထိုးပြန်လည် သင်ကြားပေးမည်ဖြစ်ကြောင်းနှင့်  ဆရာ၊ ဆရာမ (၅၁) ဦးနှင့် ကျောင်းသား၊ ကျောင်းသူ (၉၉၇) ဦးတို့ ဘေးအန္တရာယ်ကင်း၍ ဆက်လက်မြှင့်တက်လာနိုင်သဖြင့်  ရေဘေးအန္တရာယ်မဖြစ်ပေါ်စေရေး  ကြိုတင်ပြင်ဆင်မှုများ  ဆောင်ရွက်ထားရှိကြောင်းကို  မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

(မောင်လွင်)စလင်း