မအူပင်မြို့နယ် အောက်ထုံးကျေးရွာအုပ်စုတွင် မြစ်ကမ်းပြိုကျမှုဖြစ်ပွား

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ အောက်ထုံးကျေးရွာအုပ်စု၊ အောက်ထုံးကျေးရွာ၊ ကိုးအိမ်တန်းကျေးရွာနှင့် ဘားမနီးကျေးရွာ များတွင် ရာဇူတိုင်မြစ်ရေတိုက်စားမှုကြောင့် ယနေ့နံနက်(၉)နာရီ၊ (၃၀)မိနစ်အချိန်က မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှု အန္တရာယ်နှင့် နီးကပ်သည့် နေအိမ် (၁၉)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရသည်။

အဆိုပါ မြစ်ကမ်းပါးပြိုကျမှုကြောင့် ဆုံးရှုံးမှုတန်ဖိုး (၅၇၀၀၀၀၀/-)ခန့် ဆုံးရှုံးခဲ့ရပြီး ကြိုတင်ဖျက်သိမ်း ခဲ့သည့်းနေအိမ်များရှိ မိသားစုဝင်များအား နီးစပ်ရာ ဆွေမျိုးများနေအိမ်တွင် ခေတ္တပြောင်းရွှေ့နေထိုင်စေပြီး ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ဘေးလွတ်ရာ မြစ်ကမ်းနှင့် (၄၀၀)ပေခန့် ဝေးကွာသည့်နေရာတွင် နေအိမ်များပြန်လည် ဆောက်လုပ်နေထိုင်နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်းနှင့် လူနှင့် တိရိစ္ဆာန်များ ထိခိုက်သေဆုံးမှုမရှိကြောင်း သိရသည်။

မအူပင်ခရိုင် (ပြန်/ဆက်)