ပလောက်မြို့၌ ယခုနှစ် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်

ပလောက်  စက်တင်ဘာ  ၆

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် မိုးစပါး လျာထားချက်ထက် ပိုမိုစိုက်ပျိုးနိုင်ခဲ့ကြောင်း ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

“ ဒီနှစ် မိုးစပါး ၁၅၅၀၃ ဧက စိုက်ပျိုးရန်လျာထားပြီး ယနေ့ထိ ၁၅၅၆၀ ဧကစိုက်ပျိုးနိုင်ခဲ့ပါတယ်။ ပလောက်မြို့အတွင်းရှိ လယ်ယာမြေတွေမှာ မိုးကောင်းသောက်ဖြစ်သော်လည်း ချောင်းပိတ်၊ မြောင်းပိတ်ပြီး တစ်နှစ်ထက်တစ်နှစ် တိုးချဲ့စိုက်ပျိုးလာကြပါတယ်”ဟု မြို့စိုက်ပျိုးရေးဦးစီးမှူး ဦးသော်ဇင်ထွန်းက ပြောပြသည်။

မိုးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းပြီး အထွက်ကောင်းမွန်စေရန် မြို့စိုက်ပျိုးရေးဦးစီးဌာန၊ ဝန်ထမ်းများက အထွက်ကောင်းမျိုးကောင်းမျိုးသန့်များထောက်ပံ့ပေးခြင်း၊ စိုက်ပျိုးနည်းစနစ် များပြောင်းလဲ ပြီးကြဲခင်းများနေရာတွင် မျိုးစေ့ချကိရိယာဖြင့်ပြောင်းလဲ စိုက်ပျိုးခြင်း၊ မြေဩဇာကို  အချိန်ကိုက်အချိုးကျ တိုးချဲ့ ထည့်သွင်းကျွေး မွေးခြင်း၊ တောင်သူများအား ယူရီယား ဓာတ်မြေဩဇာကိုဌာနမှ သင့်တင့်သောဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်း ချပေးခြင်း၊ ပိုးမွှားရောဂါ ကျရောက်မှုကို ကင်းထောက်စစ်ဆေးပြီး ဘက်စုံပိုးမွှား ရောဂါကာကွယ်နှိမ်နှင်းနည်းစနစ်များကို တောင်သူများ သိရှိလိုက်နာကျင့်သုံးလာစေရန် ပညာပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပလောက်မြို့တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ ဒေသနှင့် ကိုက်ညီပြီး အထွက်နှုန်းကောင်းဆင်းသုခ ၁၆၁၇ ဧက၊ မနောသုခ ၉၁၄ ဧက၊ ပေါ်ဆန်းမွှေး  ၃၉၄ ဧက၊ ရွှေဝါထွန်း  ၅၀၂ ဧက၊ ကျော်ဇယျ ၁၀၂၄ဧက၊ ဆင်းသွယ်လတ် ၈၃၆ ဧက ၊ဧည့်မထ ၄၇၆၃ ဧက၊ သီးထပ်ရင် ၅၂၂ ဧက၊ ငစိန် ၂၃၆၃ဧက၊ မြီးဒုံး ၂၁၂၅ ဧက၊ ကောက်ညှင်း ၁၂၅ ဧက၊ တောင်ယာ ၃၀၁ ဧက၊ခေါက် မလိ၇၄ ဧက စပါးမျိုးများ စိုက်ပျိုးထား‌ကြောင်း မြို့စိုက်ပျိုးရေးဦးစီးဌာန စာရင်းများအရ သိရသည်။

နှင်းမြူလွင်(ပလောက်)