တောင်ငူပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အခမ်းအနား ကျင်းပ

တောင်ငူ စက်တင်ဘာ ၆

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူပညာရေးဒီဂရီကောလိပ်၊ မြတ်ပညာခန်းမ၌ လူငယ်သီတင်းပတ်အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက  ကျင်းပသည်။

ရှေးဦးစွာ တောင်ငူခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ တောင်ငူပညာရေးဒီဂရီကျောင်းအုပ်ကြီး ဒေါ်ဝင်းသိင်္ဂီကျော်တို့က အခမ်းအနားအား တောင်ငူပညာရေး ဒီဂရီကောလိပ်ရှေ့မျက်နှာစာ၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး သင်တန်းသား၊ သင်တန်းသူများ၏ Fitness Dance တင်ဆက်ခြင်းကို ကြည့်ရှုကြသည်။

ဆက်လက်၍ တောင်ငူပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး  ဒေါ်ဝင်းသိင်္ဂီကျော်က မြတ်ပညာခန်းမတွင် အမှာစကားပြောကြားပြီး အခမ်းအနားအား ကျင်းပရာ တောင်ငူပညာရေးဒီဂရီကောလိပ်မှ သင်တန်းသား၊ သင်တန်းသူများက ပအို့ဝ်ယဥ်ကျေးမှုအက၊ ရှမ်းရိုးရာလမုဝ်းအက၊ ကရင်ယဥ်ကျေးမှုအက၊ ဒိုးပတ်ဝိုင်းအဆို၊ အတီး၊ အက၊ လောကနီတိသရုပ်ဖော်ပြဇာတ်တို့ဖြင့် ဖြေဖျော်ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျောင်းအုပ်ကြီး၊ ဒုတိယကျောင်းအုပ်ကြီးနှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသားသင်တန်းသူများက နံရံကပ်စာစောင်၊ ပြခန်းများနှင့် စျေးရောင်းပွဲတော်တို့ကို ကြည့်ရှုလေ့လာကြသည်။

အဆိုပါလူငယ်သီတင်းပတ်အခမ်းအနားကို စက်တင်ဘာ ၅ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး လက်တွေ့တန်းပြအတွေ့အကြုံများ ရှင်းလင်းခြင်း၊ စီးပွားရေး၊ စိုက်ပျိုးရေးနှင့် ငွေကြေးစီမံခန့်ခွဲမှုအကြောင်းများ ဟောပြောခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲ၊ ဘော်လီဘောပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ဇော်ကိုကို (ပြန်/ဆက်)