လိပ်သိုမြို့ လူထုအခြေပြုဗဟိုဌာန၌ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

လိပ်သို စက်တင်ဘာ   ၆

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ကလေးသူငယ်များနှင့် ဒေသနေပြည်သူများ ကလေးသူငယ်အခွင့်အရေးများ၊ ကလေးအလုပ်သမား ပပျောက်ရေးနှင့်ပတ်သက်၍ အသိပညာပေးအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရန်ရည်ရွယ်၍ ယမန်နေ့ မွန်းလွဲ  ၁ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် နံရံကပ်စာစောင်ပြသခြင်းတို့ကို  ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

ဟောပြောပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်နွယ်နွယ်ခိုင်က ကမ္ဘာ့နိုင်ငံအများအပြားတွင် ကြုံတွေ့နေရသော ကလးအလုပ်သမားပြဿနာများအကြောင်း၊ ကလေးအလုပ်သမားဖြစ်စေသည့် အကြောင်းရင်းများ၊ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ သိမှတ်ဖွယ်ရာများအကြောင်း၊ ကလေးအလုပ်သမားနှင့်ပတ်သက်သည့် အဓိပ္ပာယ်ဖွင့်ဆိုချက်များ၊ ဉပဒေများ၊ အခွင့်အရေးများအကြောင်းကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရုံးရှေ့နံရံကပ်ပြဘုတ်တွင် ပြသထား သော ကလေးငယ်များ၏ စိတ်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ လိင်ပိုင်းဆိုင်ရာ မတော်မတရားပြုမူခြင်း၊ အကြမ်းဖက်ခြင်း၊ လစ်လျူရှုခြင်း၊ အလုပ်ရှင်များအတွက် ကလေး သူငယ်အခွင့် အရေးဆိုင်ရာများနှင့် ကလေးသူငယ်များအတွက် ဉပဒေပြဌာန်းချက်များ  စသည့်အကြောင်းအရာများပါ နံရံကပ်စာစောင်ပြသဆောင်ရွက်ထားရှိမှုကို ဒေသနေပြည်သူများနှင့် ကျောင်းသား/ ကျောင်းသူများက ကြည့်ရှုလေ့လာ မှတ်သားခဲ့ကြကြောင်း သိရသည်။

ခင်လေးနွယ် (လိပ်သို)