တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို လူငယ်သီတင်းပတ်အဖြစ် ကျင်းပသည့် လူငယ် စကားဝိုင်းအခမ်းအနားသို့ တက်ရောက်

ထားဝယ်  စက်တင်ဘာ ၆

တနင်္သာရီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ထားဝယ်ပညာရေး ဒီဂရီကောလိပ်တို့ပူးပေါင်း၍ လူငယ်သီတင်းပတ်အဖြစ်ကျင်းပသည့် လူငယ်စကားဝိုင်းအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီခွဲအချိန်က ထားဝယ်မြို့၊ ထားဝယ်ပညာရေးဒီဂရီ ကောလိပ်၊ တိက္ခပညာခန်းမ၌ကျင်းပခဲ့သည်။

အခမ်းအနားတွင်တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဦးတည်ချက် (၉)ရပ် အနက်လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော  နိုင်ငံ၏ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေးဆိုသည့်အချက်နှင့်အညီ လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် မူဝါဒများ၊ ရည်မှန်းချက်များနှင့်အညီလုပ်ငန်းစဉ်များကိုကဏ္ဍပေါင်းစုံကနေဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လူငယ်များတွင် အနာဂါတ်အတွက်စိတ်ကူးများ၊ စိုးရိမ်မှုများ၊ အိပ်မက်များ၊ မျှော်လင့်ချက်များ ကိုယ်စီရှိနေကြမှာဖြစ်ကြောင်း၊ စိတ်ကူးများနှင့်အိပ်မက်များလက်တွေ့ အကောင်အထည်ဖော်သည့်နေရာ တွင်စာအုပ်စာစောင်များ ကိုဖတ်ရှုခြင်း၊ အတွေ့အကြုံရှိသူများကိုမေးမြန်းခြင်း ကနေရရှိ နိုင်သလို လူငယ်အချင်းချင်း တိုင်ပင်ဆွေးနွေးခြင်း တို့ကနေလည်းရရှိနိုင်ကြောင်း၊ တိုင်ပင်ဆွေးနွေး ခြင်း၊ အမြင်ခြင်းဖလှယ်ခြင်းသည်အတွေးအမြင်များအားပိုမိုကျယ်ပြန့် လာစေနိုင်ပြီးအတွေးအမြင် ကျယ်ပြန့်လာခြင်းမှတဆင့် ပန်းတိုင်ဆီသို့ချီတက်ရာတွင် အထောက်အပံ့ကောင်းများရရှိ နိုင်ရန်အတွက် ယနေ့လူငယ်စကားဝိုင်းကျင်းပရခြင်းဖြစ်ပါကြောင်း၊  နိုင်ငံတော်အစိုးရအနေဖြင့် လူငယ်များကို တန်ဖိုးရှိသော လူသားအရင်းအနှီးများအဖြစ် မျှော်မှန်းပြီး ပြုစုပျိုးထောင်ပေးလျက်ရှိပါကြောင်း၊ လူငယ်များကိုယ်တိုင်ကလည်း မိမိကိုယ်မိမိတန်ဖိုးရှိသည့် လူသားများဖြစ်အောင် ကျင့်ကြံကြိုးကုတ်အားထုတ်ကြရန်လိုအပ်ကြောင်း၊ တစ်နည်းအားဖြင့် မိမိကိုယ်ကိုကောင်းအောင် ကြိုးစားခြင်းသည်မိမိပတ်ဝန်းကျင်အတွက်၊ မိမိနိုင်ငံ၊ မိမိလူ့အဖွဲ့အစည်းအတွက်ပါ ကောင်းအောင်ကြိုးစားနေခြင်းဖြစ်သည်ကို သတိပြုဆောင်ရွက်ကြရန်လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ယဉ်ယဉ်နုက ဦးဆောင်ဆွေးနွေးသူ(Moderator)အဖြစ်ဆောင်ရွက်ပြီး ဆွေးနွေးပြောကြားသူများ အဖြစ်ထားဝယ်ပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းသား/သူများဖြစ်ကြသည့် ဒုတိယနှစ် (ဒုတိယ နှစ်ဝက်)ကျောင်းသား မောင်ဖြိုးအာကာကျော်က လူငယ်နှင့်စာဖတ်ခြင်း၊ ဒုတိယနှစ် (ပထမ နှစ်ဝက်)ကျောင်သူ မရတနာခင်က လူငယ်နှင့်မူးယစ်ဆေးဝါး၊ ပထမနှစ် (ဒုတိယနှစ်ဝက်) ကျောင်းသား မောင်ဇွဲမာန်က လူငယ်နှင့်အားကစား၊ ပထမနှစ် (ဒုတိယနှစ်ဝက်)ကျောင်းသူ မဥမ္မာသော်က လူငယ်နှင့်ပေါင်းသင်းဆက်ဆံရေး၊ ဒုတိယနှစ်(ပထမနှစ်ဝက်)ကျောင်းသား မောင်သက်အောင်က လူငယ်နှင့်စာရိတ္တ၊ ဒုတိယနှစ်(ဒုတိယနှစ်ဝက်)ကျောင်းသူ မခင်မီမီဆုက လူငယ်နှင့် လူမှုမီဒီယာစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် တက်ရောက်လာသော ကျောင်းသား/သူများနှင့်အပြန်အလှန်မေးမြန်းဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပြောကြားသောကျောင်းသား/သူများအား ဂုဏ်ပြုမှတ်တမ်း လွှာပေးအပ်ကာ ထားဝယ်ပညာရေး ဒီဂရီကောလိပ်ကျောင်းအုပ်ကြီးဒေါ်နီနီသန်းထံ အားကစား ပစ္စည်းပေးအပ်သည်။

ဆက်လက်၍တိုင်းဒေသကြီးဝန်ကြီးချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီးဝန်ကြီးများက ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ခင်းကျင်းပြသထားသော သုတရသစာအုပ် စာစောင်များအာကြည့်ရှုအားပေးသည်။

လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကား ပြောဆိုရာ၌ရဲဝံ့စွာပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်ရည်ရွယ်၍လူငယ်စကားဝိုင်း များ ကျင်ပပေးခြင်းဖြစ်ပါကြောင်း၊ Edu Park ကိုယ်ပိုင်အထက်တန်းကျောင်း၊ ဆရာမိုးဒီကိုယ်ပိုင် အထက်တန်းကျောင်း၊ မဟာရွှေဂုဏ်ထူးကိုယ်ပိုင်ကျောင်းနှင့် ပန်းကံကော်ရနံ့ကိုယ်ပိုင် အထက်တန်း ကျောင်းများကိုလည်း ကျင်ပပေးခဲ့ပြီး ယနေ့ထားဝယ်ပညာရေးဒီဂရီကောလိပ်ကို ၅ ကြိမ်မြောက် ကျင်းပခြင်းဖြစ်ကာ တိုင်းဒေသကြီးလူငယ်ရေးရာကော်မတီ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ဆက်လက်ပြုလုပ်ကျင်းပ ပေးသွား မည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)