စစ်ကိုင်း စက်တင်ဘာ ၆
စစ်ကိုင်းမြို့တွင် AHA Centre နှင့် မြန်မာနိုင်ငံကြက်ခြေနီအသင်းတို့ ပူးပေါင်း၍ ရပ်ရွာလူထုများအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောပ်ပံ့ပေးအပ်ခြင်းအခမ်းအနားကို စက်တင်ဘာ(၅)ရက်၊ နံနက်ပိုင်း မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဦးဝင်းမြတ်စိုးက စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ မြို့နယ်အသီးသီးက အကြောင်းအမျိုးမျိုးကြောင့် နေရပ်စွန့်ခွာလာကြတဲ့ မိဘပြည်သူများကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ မိသားသုံးပစ္စည်းများနဲ့ အစားအစာများ၊ အခြေခံအသုံးအဆောင်ပစ္စည်းများ၊ ဖြန့်ဝေခြင်းနဲ့ လိုအပ်ချက်များလေ့လာသုံးသပ်ခြင်း လုပ်ငန်းများကို ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းအနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ကြီးကြပ်မှုဖြင့် လိုအပ်ချက်များကို လေ့လာသုံးသပ်ပြီး ဆက်လက်အကူအညီပေးသွားဖို့ရှိကြောင်း၊ အကြောင်းအမျိုးမျိုးကြောင့် ယာယီရွှေ့ပြောင်းနေကြရတဲ့ မိသားစုများကို ကျွန်တော်တို့ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် များစွာစိတ်မကောင်းဖြစ်မိပါကြောင်း၊ နိုင်ငံတော်ကြီး အေးချမ်းသာယာပြီး ပိုမိုကောင်းမွန်သော လူနေမှုဘဝများ ဖြစ်ပေါ်စေရေးအတွက် ဆောင်ရွက်လျက်ရှိပါကြောင်း၊ တိုင်းဒေသကြီးအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးကိုလည်း ဆက်လက်ဆောင်ရွက်ပေးနိုင်ရေး ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့ပြီး တိုင်းဒေသကြီးဝန်ကြီးနှင့် တာဝန်ရှိသူများက အိမ်ထောင်စုများအား ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးဝန်ကြီးနှင့် တိုင်ဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ နေရပ်စွန့်ခွာမိသားစုများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇော်မြင့်နိုင်
စစ်ကိုင်းခရိုင်(ပြန်/ဆက်)