ဒေးဒရဲ စက်တင်ဘာ ၆
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် မြို့နယ်အတွင်း စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများတိုးပွားစေရန်နှင့် စာပေမှရသော အသိအမြင်ဗဟုသုတများကို လူမှုဘဝတွင် ပြန်လည်အသုံးချနိုင်စေရန်ရည်ရွယ်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းနှင့်ပူးပေါင်းပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ စာဖတ်ဝိုင်းကို ယမန်နေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်အေးမြမွန်က စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ စာရေးဆရာ ချစ်နိုင်ရေးသားသည့် “ရွှေရောင်လွှမ်းတဲ့အခွင့်အလမ်း” စာအုပ်ပါ “အောင်မြင်ချင်တယ်ဆိုရင်” ဆောင်းပါးနှင့် “ရွှေရောင်လွှမ်းတဲ့ အခွင့်အလမ်း” ဆောင်းပါးကို စာအုပ်စာစောင်ချစ်မြတ်နိုးသူများ အသင်းက အဖွဲ့ဝင်များနှင့် တက်ရောက်လာကြသော စာပေချစ်သူများက ဆွေးနွေးကြရာတွင် နိုင်ငံတိုးတက်ဖွံ့ဖြိုးဖို့ဆိုတာ အစိုးရချည်း နေ့မအိပ် ညမအိပ် အလုပ်လုပ်နေရုံနဲ့မပြီးပဲ လူကြီး၊ လူငယ်၊ လယ်သမား၊ အလုပ်သမား၊ အသိပညာရှင်၊ အတတ်ပညာရှင်၊ ဝန်ထမ်းစသည်ဖြင့် အားလုံးဟာ တာဝန်သိသိနဲ့ ရည်မှန်းချက် မြင့်မြင့်ထားပြီး နိုးကြားတက်ကြွစွာ အားထုတ်ကြရမှာဖြစ်ကြောင်း၊ ဇွဲရှိရှိနဲ့ စွဲစွဲမြဲမြဲ ကြိုးစားရင် အောင်မြင်မှုကို ရရှိမှာ ဖြစ်ပါကြောင်းနှင့် အခွင့်အလမ်းရယူနိုင်ရန် အမြော်အမြင်ရှိစွာနဲ့ ပြိုင်ဘက်ကို မျက်ခြေမပြတ်ကြည့်နေရမည်ဖြစ်ပါကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။
ဒေးဒရဲမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် ပြည်သူများ စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရှိစေရေး၊ စာပေဖတ်ရှုမှုတိုးပွားလာစေရေး၊ စာဖတ်ဝိုင်းများ၊ အသိပညာပေးဟောပြောပွဲများ၊ Talk Showများ ကျင်းပခြင်းနှင့် ဌာနဆိုင်ရာများသို့ စာအုပ်စာစောင်များ ငှားရမ်းခြင်းကို အပတ်စဥ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေဇာလင်း