မြဝတီမြို့၌  နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ်အကြို  ပြိုင်ပွဲများကျင်းပ

မြဝတီ      စက်တင်ဘာ   ၅

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖြစ်သည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ဗလငါးတန် နှင့်ပြည့်စုံပြီး  ကာယ၊  ဉာဏစွမ်းရည် ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီက မြဝတီမြို့၊ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံတကာစာတတ်မြောက်ရေးနေ့ အထိမ်းအမှတ်အကြို အလယ်တန်းနှင့်အထက်တန်းအဆင့် စာစီစာကုံး၊ ကဗျာ၊ ပန်းချီနှင့် ပိုစတာပြိုင်ပွဲများ ကျင်းပကြောင်း သိရသည်။

ပြိုင်ပွဲတွင် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှ  ကျောင်းအုပ်ဆရာကြီး ဦးညီညီအောင်က ကျောင်းသား၊ ကျောင်းသူများအနေဖြင့်   ကျောင်းစာအပြင်   ပြင်ပစာပေဗဟုသုတများ ကြွယ်ဝလာပြီး ကမ္ဘာ့ နေ့ထူးနေ့မြတ် အထိမ်းအမှတ်နေ့များ  သိရှိစေရန်နှင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များ၏အခန်းကဏ္ဍသည် အဓိကစွမ်းအားစုဖြစ်၍ပြိုင်ပွဲများ   ကျင်းပပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပေးသည်။

ထို့နောက် နိုင်ငံတကာစာတတ်မြောက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများဖြစ်သည့်စာစီစာကုံးနှင့်ကဗျာ ပြိုင်ပွဲတွင် အလယ်တန်းနှင့်အထက်တန်းအဆင့် ကျောင်းသား၊ကျောင်းသူ ၁၅ ဦး၊ ပန်းချီနှင့်ပိုစတာပြိုင်ပွဲတွင် အလယ်တန်းနှင့် အထက်တန်းအဆင့် ကျောင်းသား၊  ကျောင်းသူ ၁၈ ဦးတို့က  ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး   ဆုရရှိသူများအား  နိုင်ငံတကာစာတတ်မြောက်ရေးနေ့တွင်  ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

ဇာဖြူဝင်း(ပြန်/ဆက်)