လောင်းလုံး စက်တင်ဘာ ၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက လောင်းလုံးမြို့၊ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
လူငယ်များ၊ အသိပညာစွမ်းအား၊ အတတ်ပညာစွမ်းအား၊ အတွေးအခေါ်စွမ်းအားများ ပြည့်ဝစေပြီး လူအများရှေ့ စကားပြောဆိုရာ၌ရဲဝံ့စွာ ပြောဆိုဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန် စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများနှင့် ပြည့်စုံပြီးဗလငါးတန်နှင့် ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်၊ လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် အတွက်ကျင်းပခြင်းဖြစ်သည်။
ဆွေးနွေးပွဲတွင်လောင်းလုံးမြို့နယ်၊ ပညာရေးမှူးရုံးမှ ဒုတိယမြို့နယ်ပညာရေးမှူး၊ ဦးဝင်းရှိန်က အမှာစကားပြောကြားရာ၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဦးတည်ချက်(၉)ရပ်မှာပါသည့် လူမှုရေးဦးတည်ချက်၏ တတိယအချက်ဖြစ်သော နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစဉ် များ၌လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍကို မြှင့်တင်ဆောင်ရွက်ရေးဆိုတဲ့အချက်အတိုင်း အနာဂတ်မှာ တိုင်းပြည်ကို ဦးဆောင်မယ့်လူငယ်များဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ ကာယဗလ၊ ဉာဏဗလ၊ စာရိတ္တ ဗလ၊ မိတ္တဗလ၊ ဘောဂဗလဆိုတဲ့ဗလငါးတန်ပြည့်ဝစေရန်၊ အသိပညာပိုမိုတိုးတက်လာစေရန်နှင့် အခြားသူများကိုလည်း ဗဟုသုတများမျှဝေတတ်စေရန်၊ ပရိသတ်ရှေ့တွင်ပြောရဲဆိုရဲသည့်သတ္တိများ ရှိလာစေရန်၊ လူငယ်များအချင်းချင်းအသိပညာများ ဖလှယ်နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦးယဉ်ကျေးမှုများရှိလာပြီး ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန် စသည့်ရည်ရွယ်ချက်များဖြင့် ယခုလိုစကားဝိုင်းများ ကျင်းပရခြင်းဖြစ်ကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ထားရှိသည့် ရည်မှန်းချက်အတိုင်းပန်းတိုင် ကိုလှမ်းနိုင်ရန်ဘဝမှာအောင်မြင်ပြီး တိုင်းပြည်က အားကိုးအားထားပြုရသော လူငယ်များဖြစ်ကြရန် လိုအပ်ကြောင်းပြောကြားသည်။
ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်သိန်းသိန်းက လူငယ်များ အချင်းချင်း အသိပညာ၊ အတတ်ပညာ၊ ဗဟုသုတနှင့် ကျင့်ဝတ်တန်ဖိုးများ မျှဝေပေးရန်၊ အနာဂတ်လူ့ဘောင်အဖွဲ့ အစည်းအား ၎င်းတို့၏ အတွေးအမြင်ကောင်းများဖြင့် အကောင်အထည်ဖော် တည်ဆောက်ရန်နှင့် လူငယ်များကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဟူသော ဗလငါးတန် ဖွံ့ဖြိုးတိုးတတ်စေရန်၊ လူငယ်များအား နှုတ်မှုစွမ်းရည် တိုးတက်လာ စေရန်၊ ကျန်းမာ ကြံ့ခိုင်သောလူငယ်များဖြစ်လာစေရန်၊ စာဖတ်စွမ်းရည်တိုးတက်လာစေရန်နှင့် အသိပညာဗဟုသုတ များ တိုးပွားလာစေရန် စသည့်ရည်ရွယ်ချက်ဖြင့်ကျင်းပရခြင်းဖြစ်ကြောင်းနှင့် ဌာန၏လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ စာကြည့်တိုက်လက်ထောက်(၃)၊ ဒေါ်ဇင်ဖြူလွင်က ဦးဆောင်ဆွေးနွေးသူ (Moderator) အဖြစ် ဆောင်ရွက်ပြီးဆွေးနွေးပြောကြားသူများအဖြစ် အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား/သူများဖြစ်ကြသည့် Grade-10မှကျောင်းသူ မချယ်ရီကိုကိုက လူငယ်နှင့် စာပေ၊ Grade- 8 မှ ကျောင်းသူ မယွန်းနဒီကျော်က လူငယ်နှင့် ကျန်းမာရေး၊ Grade-9မှ ကျောင်းသူ မမြတ်ပြည့်ပြည့်ခင်က လူငယ်နှင့် မူးယစ်ဆေးဝါး၊ Grade-11 ကျောင်းသူ မအိသဇင်မင်းက လူငယ်နှင့်အားကစားစသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသောကျောင်းသား/သူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးပြီး တာဝန်ရှိသူများက ဖြည့်စွက်ပြောကြားပေးခဲ့ကြောင်း သိရသည်။
သိန်းသိန်း(လောင်းလုံး)