ပိုင်ကျုံ စက်တင်ဘာ ၅
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့၊ ထန်းတပင်ကျေးရွာအုပ်စု၌ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်၊ ပထမ(၃) လပတ်အတွက်ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်နှစ်နှစ်အောက်ကလေးငယ်များ အာဟာရပြည့်ဝရေးအတွက် ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်နှစ်နှစ်အောက်ကလေးငယ်များအတွက်(MCCT) ထောက်ပံ့ငွေများပေးအပ်ခြင်းကို ယနေ့နံနက်(၁၀)နာရီအချိန်တွင် ကျေးရွာအုပ်စုအတွင်းရှိ တာဝန်ရှိသူများက လက်ဝယ်အရောက် လိုက်လံထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ထောက်ပံ့ငွေများသည် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် ပထမ (၃)လပတ်( ဧပြီ၊ မေ၊ ဇွန် ) လများအတွက် ထောက်ပံ့ပေးခြင်းဖြစ်ပြီး တစ်ဦးလျှင်ငွေကျပ်(၁၅၀၀၀)နှုန်းဖြင့် သုံးလစာငွေကျပ် (၄၅၀၀၀)ဖြင့် ကိုယ်ဝန်ဆောင် မိခင်နှင့်အသက်နှစ်နှစ်အောက်ကလေးများအတွက် ဖွံ့ဖြိုးမှုအမြင့်ဆုံးဖြစ်သည့် ကလေးဘဝအစရက် ပေါင်း(၁၀၀)ကာလအတွင်း အာဟာရပြည့်ဝစေရေးနှင့်မိခင်နှင့်ကလေးပါ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝသည့် အစားအစာများ စားသုံးနိုင်စေရန်အတွက် ထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး ထန်းတပင်ကျေးရွာအုပ်စု အတွင်းရှိ (Maternal and Child Cash Transfer-MCCT) အကျိုးခံစားခွင့်ရရှိသော ကိုယ်ဝန်ဆောင်မိခင် ၁၀ ဦးနှင့် အသက်နှစ်နှစ်အောက်ကလေးငယ် ၃၆ ဦး စုစုပေါင်း ၄၆ ဦးတို့အတွက် ထောက်ပံ့ငွေ (၁,၈၉၀,၀၀၀) ကျပ်ကို လက်ဝယ်အရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပိုင်ကျုံမြို့၌ မြို့ပေါ်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၇)စု အတွင်းရှိ (MCCT) အကျိုးခံစားခွင့်ရှိသူ ကိုယ်ဝန်ဆောင်မိခင် ၃၁၇ ဦးနှင့်အသက်နှစ်နှစ်အောက်ကလေးငယ် ၁၄၀၀ ဦး စုစုပေါင်း ၁၇၁၇ ဦးရှိကြောင်း သိရသည်။
နော်ခူး(ပြန်/ဆက်)