ဘားအံ စက်တင်ဘာ ၅
ကရင်ပြည်နယ် ဘားအံမြို့ အမှတ်-၂ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ယနေ့နံနက် ၉နာရီက မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့ တိုင်းရင်းသားရေးရဝန်ကြီး ဦးစန်းကိုနှင့် တာဝန်ရှိသူများ တက်ရောက်ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ မြို့နယ်အဆင့် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတွင် တိုင်းရင်းသားရေးရာဝန်ကြီး ဦးစန်းကိုက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ ဖွင့်လှစ်တဲ့ မြို့နယ်အဆင့် (၂၄) ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသည် ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်တဲ့ အဆို၊ အက၊ အရေး၊ အတီး ဝါသနာရှင်များကို မွေးထုတ်ပေးခြင်း ဖြစ်ပါကြောင်း၊ မြို့နယ်အဆင့်တွင် ထူးချွန်ပါက ခရိုင်အဆင့်၊ ခရိုင်အဆင့်တွင် ထူးချွန်ပါက ပြည်နယ်အဆင့်၊ ပြည်နယ်အဆင့်တွင်ထူးချွန်ပါက ဗဟိုအဆင့် စသည်ဖြင့် အဆင့်ဆင့်ရွေးချယ်၍ အမှန်တကယ် အရည်အချင်းပြည့်ဝသည့် နိုင်ငံ့ဂုဏ်ဆောင်ဝါသနာရှင် အနုပညာရှင်များကို နိုင်ငံတော်က ထိုက်ထိုက်တန်တန် ဂုဏ်ပြု ချီးမြှင့်သွားမည်ဖြစ်ပါကြောင်း၊ နိုင်ငံတော်က ဂုဏ်ပြုချီးမြှင့်သလို မိမိတို့ပြည်နယ်အတွက် ဂုဏ်ဆောင်နိုင်တဲ့ ဝါသနာရှင်၊ အနုပညာရှင်များကိုလည်း ထပ်ဆင့်ပြီး ပြည်နယ်အစိုးရက ဂုဏ်ပြုချီးမြှင့်ပေးသွားမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် မိမိတို့ ဝါသနာကို အရင်းခံပြီး သီဆိုကပြယှဥ်ပြိုင်ရခြင်းများကို လေးလေးနက်နက် တန်ဖိုးထားပြီး အနုပညာလမ်းကြောင်းပေါ်မှာ အသက်မွေးဝမ်းကျောင်း ပြုနိုင်အောင်၊ မြန်မာ့ယဥ်ကျေးမှုကို တန်ဖိုးထားနိုင်အောင်၊ ပြည်နယ်အတွက်၊ နိုင်ငံအတွက် အနုပညာဖြင့် ဂုဏ်ဆောင်နိုင်အောင် ကြိုးစားကြစေလိုပါကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။
ထို့နောက် ပြိုင်ပွဲကို “အောင်စေပိုင်စေဂ သီချင်းဖြင့် စတင်သီဆိုဖွင့်လှစ်ပြီး အခြေခံပညာအဆင့် အသက်(၁၀-၁၅) အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် အသက် (၁၅-၂၀) အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ ဝါသနာရှင် ဒုတိယတန်း အမျိုးသား၊ အမျိုးသမီး အကပြိုင်ပွဲ၊ အခြေခံပညာအဆင့် အသက် (၁၀-၁၅) ကဗျာလွတ် အကပြိုင်ပွဲများကို အသီးသီးယှဥ်ပြိုင်ခဲ့ကြသည်။ ယင်းနောက် မြို့နယ်အဆင့် (၂၄)ကြိမ်မြောက် မြန်မာ့ရိုးရာယဥ်ကျေးမှု အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ တက်ရောက် အားပေး ချီးမြှင့်ခဲ့ကြသော ကရင်ပြည်နယ် အစိုးရအဖွဲ့ တိုင်းရင်းသားရေးရာ ဝန်ကြီးနှင့် တာဝန်ရှိသူများက ပြိုင်ပွဲဝင် များကို ရင်းရင်းနှီးနှီးနှုတ်ဆက် အားပေးစကားပြောကြားခဲ့ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)