ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး အခြေခံပညာအထက်တန်းအဆင့်ကျပန်းစကားပြောပြိုင်ပွဲ တက်ရောက်ကြည့်ရှုအားပေး

ဘားအံ စက်တင်ဘာ  ၅

၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ကရင်ပြည်နယ်၊ အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခန့်က ဘားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပရာ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများ တက်ရောက်ကြည့်ရှုအားပေး၍ ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

ဦးစွာ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းမှကျောင်းသား၊ကျောင်းသူများက “ပညာပန်းများပွင့်လေပြီ” တေးသီချင်းဖြင့် သီဆိုဖျော်ဖြေပြီး ပြည်နယ်ဝန်ကြီးချုပ်က စကားပြောဆိုရာတွင် ပုံစံအနေအထားအမျိုးမျိုးရှိသည့်အနက် စင်မြင့်ပေါ်မှနေ၍ ပရိသတ်ကိုစကားပြောဆိုခြင်းတွင် အသံအနေအထား၊ အနိမ့်အမြင့်၊ အတက်အကျ၊ အလေး အပေါ့၊ အနှေးအမြန်သဘောတရားကိုသိရှိပြီး ထိထိမိမိ သုံးစွဲပြောဆိုတတ်ရန်လိုအပ်ကြောင်း၊ ကျပန်းစကားပြောရာတွင် စကားလုံးများပြောင်မြောက်ရမည်၊ အသုံးအနှုန်းကောင်းမွန်ရမည်၊ လှုပ်ရှားတက်ကြွသော ဟန်ပန်အမူအရာလည်းရှိရမည်၊ အင်အားကောင်းသော စကားလုံးအသုံးအနှုန်းများနှင့် ချက်ကျလက်ကျပီပီပြင်ပြင် ပြောဆိုနိုင်ရမည်ဖြစ်ပြီး ဆုရခြင်းကိုအဓိကမဟုတ် ယှဉ်ပြိုင်ခြင်းဖြင့် အောင်မြင်မှုအတွက် ကြိုးစားကြစေလိုကြောင်း၊ ပြိုင်ပွဲအတွက်ပြင်ဆင်မှုများတွင် စာအုပ်စာပေများလေ့လာမှတ်သားဖတ်ကြားမှု၊ ရှေးပြိုင်ပွဲဝင်များ၏အပြောအဆိုများကို နမူနာယူလေ့လာမှုများအပြင် ပတ်ဝန်းကျင်အတွေ့အကြုံများကိုရယူပြီး ပြောဆိုစွမ်းရည်မြင့်မားအောင် ကြိုးစားကြသည်ဖြစ်သည့်အတွက် ယနေ့လာရောက်ယှဉ်ပြိုင်ကြသည့် ကျောင်းသား၊ကျောင်းသူများ၏ ကြိုးစားမှုများကို မှတ်တမ်းတင်ဂုဏ်ယူပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ပညာရေးမှူးရုံးမှ ညွှန်ကြားရေးမှူးက အခြေခံပညာအထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းတင်ပြပြီး အမှတ်ပေးဒိုင်ချုပ်အဖြစ်ဆောင်ရွက်သော ပြည်နယ်ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး(စီမံ)ဒေါ်နန်းဌေးဌေးညွန့်က အမှတ်ပေးစည်းမျဉ်းများအား ရှင်းလင်းတင်ပြကာ ဘားအံမြို့နယ်နှင့် လှိုင်းဘွဲမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ ကျောင်းသား၊ကျောင်းသူ(၁၀)ဦးက  “ပညာတတ်လျှင်လူရာဝင်”၊ “နှလုံးလှ၍အသုံးကျသူ ဖြစ်အောင်”၊ “ယဉ်ကျေးမှုပျောက်လျှင်လူမျိုးပျောက်မည်”၊ “စာအုပ်သည်ဥစ္စာဖြစ်၏”၊ “မူးယစ်ပင်လယ်ဖြတ်ကျော်မယ်” ဟူသော ခေါင်းစဉ်(၅)မျိုးဖြင့် အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြသည်။

ယင်းနောက် ဘားအံမြို့ပေါ်ရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများက မြန်မာရိုးရာယဉ်ကျေးမှုအကအလှများဖြင့် သီဆိုကပြဖျော်ဖြေခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများက ပြိုင်ပွဲတွင် ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျပန်းစကားပြောပြိုင်ပွဲသို့တက်ရောက် အားပေးကြည့်ရှုကြသော ကျောင်းသား၊ကျောင်းသူ၊ ဆရာ၊ဆရာမများနှင့် ကျောင်းသားမိဘများအား ရင်းရင်းနှီးနှီး တွေ့ဆုံနှုတ်ဆက်၍ အားပေးစကားများပြောကြားခဲ့သည်။

ပြည်နယ်ဝန်ကြီးချုပ်သည် စက်တင်ဘာလ ၅ ရက်နေ့၊ နံနက် ၁၀ ခန့်က ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ(၂)၌ကျင်းပသည့် လယ်ယာမြေကို အခြားနည်းသုံးစွဲထားမှုများ ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းနှင့် နောင်ထပ်မံ မဖြစ်ပွားစေရေးအတွက် ဆောင်ရွက်မည့်နည်းလမ်းများ လုပ်ထုံးလုပ်နည်းစံနှုန်း(Standard Operation Procedure - SOP) ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီ ဒုတိယအကြိမ်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ပြီး ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပချိန်က ခရိုင်ကြီးကြပ်ရေးနှင့် မြို့နယ်စာရင်းကောက်အဖွဲ့များကို ဖွဲ့စည်းပေးခဲ့ပြီး လုပ်ငန်းတာဝန်များ သတ်မှတ်ပေးခဲ့ပြီးဖြစ်ကြောင်း၊ ယခုအစည်းအဝေးတွင် စာရင်းကောက်အဖွဲ့များ၏ တွေ့ရှိချက်၊ သုံးသပ်ချက်များကို မြို့နယ်အလိုက်တင်ပြပေးကြရန်နှင့် ပြည်နယ် SOP ရေးဆွဲရေးလုပ်ငန်းကော်မတီတွင် ပါဝင်သော ပြည်နယ်အဆင့်ဌာနဆိုင်ရာများမှလည်း ခရိုင်နှင့်မြို့နယ်များ၏တွေ့ရှိသုံးသပ်ချက်များကို မိမိတို့ဌာနများအလိုက် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီသုံးသပ်ပြီး SOP ရေးဆွဲနိုင်ရေးဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း၊ ရရှိလာသည့်ဆုံးဖြတ်ချက်များကို SOP ရေးဆွဲရေးဦးစီးကော်မတီနှင့် ပြည်ထောင်စုကော်မတီများသို့ တင်ပြပေးသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဆောင်ရွက်နေခြင်းဖြစ်သည့်အတွက် အလေးထားဆောင်ရွက်ပေးကြစေလိုကြောင်း အမှာစကားပြောကြားသည်။

ထို့နောက်  SOP ရေးဆွဲပြုစုရေးပြည်နယ်လုပ်ငန်းကော်မတီ တွဲဘက်အတွင်းရေးမှူး လယ်ယာမြေ စီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးက ကော်မတီ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ပြီး အစည်းအဝေးသို့ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်လာသော ဘားအံ၊ လှိုင်းဘွဲ၊ မြဝတီ၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီး၊ သံတောင်ကြီး၊ ဖာပွန်မြို့နယ် စာရင်းကောက်ယူရေးလုပ်ငန်းအဖွဲ့များက သက်ဆိုင်ရာမြို့နယ်များအလိုက် ဆွေးနွေးတင်ပြကြကာ ခရိုင်ကြီးကြပ်ရေးလုပ်ငန်းအဖွဲ့များက မြို့နယ်စာရင်းကောက်ယူရေး လုပ်ငန်းအဖွဲ့၏ လုပ်ငန်းတင်ပြမှုအပေါ် ခရိုင်အလိုက်ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် အစည်းအဝေးသို့တက်ရောက်လာသော ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက SOP ရေးဆွဲပြုစုရေး ဝိုင်းဝန်းအကြံပြုတင်ပြဆွေးနွေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က တင်ပြဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)