မုံရွာ စက်တင်ဘာ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် အဆိုပါတက္ကသိုလ်ရှိ အဆောင်(၇) ဘက်စုံခန်းမတွင်ကျင်းပရာ အခမ်း အနားသို့ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူ၊ ဒုတိယပါမောက္ခချုပ်၊ ပါမောက္ခဌာနမှူးကြီးများနှင့် ပါမောက္ခများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ တိုင်းဒေသကြီး၊ ခရိုင်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူက ဖွံ့ဖြိုးတိုးတက်သည့် အနာ ဂတ်နိုင်ငံတော် တည်ဆောက်ရာတွင် ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များမွေးထုတ် ပေးခြင်းကို ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများတွင် လူငယ်များ အရည်အချင်းရှိရှိနှင့် ပူးပေါင်းပါဝင်လာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် လူငယ်သီတင်းပတ် ဆောင်ရွက်လှုပ်ရှားမှုများအား ကျင်းပဆောင်ရွက် ရခြင်း ဖြစ်ပါကြောင်း၊ ဗလငါးတန်ပြည့်စုံသည့် လူတော်လူကောင်း ဖြစ်ရန်လိုအပ်သကဲ့သို့ ကိုယ်ကျင့်တရားကောင်းမွန်ပြီး ကိုယ်ချင်းစာတရား ထားသည့် စိတ်နှလုံးသားရှိရန်လည်း လိုအပ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် မျိုးဆက် သစ် လူငယ်လူရွယ်များ ပြုစုပျိုးထောင် ပေးနိုင်အောင် တာဝန်ရှိသူအားလုံးမှ ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရန် တိုက်တွန်းပြောကြားခဲ့သည်။
ယင်းနောက် စစ်ကိုင်းတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစား မောင်မယ်များက ဗိုဗီနမ်ဗီယက်နမ်ရိုးရာ သိုင်းပညာ၊ Fitness Dance အကတို့ဖြင့် အားကစား သရုပ်ပြတင်ဆက်မှုကို တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့ကြပြီး စစ်ကိုင်းတိုင်း ဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်ဇော်လွင်က မုံရွာ စီးပွားရေးတက္ကသိုလ်အတွက် ဘောလုံး၊ ဘောလီဘော၊ ပိုက်ကျော်ခြင်း စသည့်အားကစားပစ္စည်း များအား ထောက်ပံ့ပေးအပ်ရာ မုံရွာစီးပွားရေးတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သီတာကြူမှ လက်ခံရယူခဲ့ပြီး အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့သည်။
ဆက်လက်ပြီး အသိပညာပေး ဟောပြောပွဲကို ကျင်းပရာ အမှတ်(၁၇)ယာဥ်ထိန်းရဲ ဒုတပ်ဖွဲ့ခွဲမှူး ရုံးမှ ဒုရဲမှူး လှထွန်းက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိကောင်းစရာများကို လည်းကောင်း၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေး သိကောင်းစရာများကို ရဲမှူးမြင့်စိုးက လည်းကောင်း၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်အကြောင်း သိကောင်းစရာများကို ရဲမှူး ကြီးမြင့်တို့က ပရိုဂျက်တာများဖြင့်ပြသ၍ အသီးသီးရှင်းလင်း ဆွေးနွေးဟောပြောခဲ့ပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများ၏ သိရှိလိုသည့် မေးမြန်းမှုများကို သက်ဆိုင်ရာတာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ပြီးနောက် တာဝန်ရှိသူ များက တက်ရောက်လာကြသူများအား သက်ဆိုင်ရာကဏ္ဍအလိုက် အသိပညာပေးလက်ကမ်း စာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကာ အခမ်းအနားကိုရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အဆိုပါ မုံရွာစီးပွားရေးတက္ကသိုလ် လူငယ်သီတင်းပတ် အခမ်းအနားအား စက်တင်ဘာလ ၅ ရက် နေ့မှ ၉ ရက်နေ့အထိ ရိုးရာအားကစားပြိုင်ပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ အသိပညာ ဗဟုသုတ ဖလှယ်ဆွေးနွေးခြင်းများ၊ လူငယ်နှင့် စာရိတ္တဆိုင်ရာဆွေးနွေးပွဲများနှင့် ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ၊ ဥပုသ်သီလပွဲနှင့် တရားပွဲများ၊ ကျောင်းသား၊ ကျောင်းသူများ၏ အာစရိယပူဇော်ပွဲနှင့် ဆုပေးပွဲများ၊ ကျောင်းသား၊ ကျောင်းသူ များ၏ ပဒေသာကပွဲများနှင့် နှုတ်ဆက်ပွဲများတို့အပြင် ဖျော်ဖြေရေးအစီအစဉ်များဖြင့် စည်ကား သိုက်မြိုက်စွာ ထည့်သွင်းကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)