ပွင့်ဖြူမြို့နယ်၌ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများတွင် ဒုတိယအကြိမ် မြစ်ရေဝင်ရောက်

ပွင့်ဖြူ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် မြစ်ကမ်းဘေးအနီးကျေးရွာများဖြစ်သည့် နန်းတော်ကျွန်းကျေးရွာ၊ ထူးကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတို့အပါအဝင် ကျေးရွာ(၁၁)ရွာ၌ ယနေ့နံနက်ပိုင်းက ဒုတိယအကြိမ် မြစ်ရေဝင်ရောက်လျက်ရှိကြောင်း ပွင့်ဖြူမြို့နယ် နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူများထံက သိရသည်။

“ကျွန်တော်တို့ နန်းတော်ကျွန်းကျေးရွာမှာ ဧရာဝတီမြစ်ရေမြင့်တက်လာမှုကြောင့် ကျေးရွာတွင်းလမ်းတွေနဲ့ လူနေအိမ်ဝိုင်းတွေမှာ မြစ်ရေဝင်ရောက်မှုတွေ ရှိနေပါတယ်။ ယခုလို မြစ်ရေတိုးတဲ့အချိန်တွေမှာ ကျေးရွာတွင်း ရေဝင်ရောက်မှုတွေ နှစ်စဉ်ကြုံတွေ့နေရတာဖြစ်ပါတယ်။ ယခု မြစ်ရေမြင့်တက်မှုကြောင့် မြစ်ကမ်းဘေးတစ်လျှောက်မှာတည်ရှိတဲ့ ကျွန်တော်တို့ နန်းတော်ကျွန်းကျေးရွာအပါအဝင် ထူးကျေးရွာ၊ ငှက်ပျောတောကျေးရွာ၊ ရေချမ်းစင်ကျေးရွာ၊ အရှေ့လေးအိမ်ကျေးရွာ၊ ငှက်တော်ကုန်းကျေးရွာ၊ ဘီးဇပ်ခုံကျေးရွာ၊ ကျွန်းကလေးကျေးရွာ၊ ဇီးကျွန်းကျေးရွာ၊ ငါးခြောက်ကျွန်းကျေးရွာနှင့် မြင်းခြံစုကျေးရွာတွေမှာ မြစ်ရေဝင်ရောက်မှုရှိနေပါတယ်။ ဒါပေမယ့် စိုးရိမ်ရတဲ့အခြေအနေ မရှိတဲ့အတွက် လူနေအိမ်တွေ ပြောင်းရွှေ့ရတာမျိုးတော့ မရှိပါဘူး။ ကျွဲ ၊ နွား တိရစ္ဆာန်တွေကိုတော့ ရေလွတ်ရာ ကုန်းမြင့်တွေ ရှိတဲ့နေရာတွေမှာ သွားရောက်ရွှေ့ပြောင်းထားရပါတယ်” ဟု ပွင့်ဖြူမြို့နယ်နန်းတော်ကျွန်းကျေးရွာမှ ဒေသခံပြည်သူ တစ်ဦးက ပြောသည်။

ယခုရက်ပိုင်း မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဧရာဝတီမြစ်ရေ ပြန်လည်မြင့်တက်လာက ပွင့်ဖြူမြို့နယ်အတွင်းရှိ မြစ်ကမ်းဘေးတစ်လျှောက်ရှိ ကျေးရွာများ၌ ဒုတိယအကြိမ် မြစ်ရေဝင်ရောက်လာခဲ့ခြင်းဖြစ်ကာ အဆိုပါမြစ်ရေမြင့်တက်မှုမှာ ဒေသခံပြည်သူများအတွက် စိုးရိမ်စရာအခြေအနေမရှိကြောင်းနှင့် မြစ်ရေမြင့်တက်မှုကြောင့် မြစ်ရေပြန်လည်ကျဆင်းသွားသည့်အချိန်တွင် ဒေသခံပြည်သူများအတွက် ကောက်ပဲသီးနှံစိုက်ပျိုးရေးလုပ်ငန်းများစွာ အကျိုးဖြစ်ထွန်းစေကြောင်းလည်း သိရသည်။  

လှိုင်ဝင်းလေး (ပွင့်ဖြူမြေ)