မအူပင်မြို့တွင် စားအုံးဆီနှင့် ဆန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေးလျက်ရှိ

မအူပင် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင်၊ မအူပင်မြို့၊ အမှတ် (၃) ရပ်ကွက် မင်းဧရာတံတားအနီး အခွန်လွတ်ဈေးနှင့် အမှတ် (၁) ရပ်ကွက်၊ အမှတ် (၁၁) ရပ်ကွက်၊ အမှတ် (၁၂) ရပ်ကွက်များရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရန်အတွက် ယမန်နေ့နံနက်ပိုင်းနှင့်မွန်းလွဲပိုင်းက စားအုန်းဆီနှင့် ဆန်များအား ရောင်းချပေးခဲ့သည်။

ထိုသို့ရောင်းချရာတွင် မအူပင်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ စားအုန်းဆီ (၁) ပိဿာလျှင် (၄၅၀၀/-)ကျပ်နှုန်းဖြင့် မင်းဧရာတံတားအနီး အခွန်လွတ်ဈေးနှင့် အမှတ်(၁၁)ရပ်ကွက်၊ အမှတ်(၁၂)ရပ်ကွက်ရှိ ပြည်သူများအား သက်သာသောဈေးနှုန်းဖြင့် ပိဿာချိန် (၆၆၀)ပိဿာ ရောင်းချပေးခဲ့ သည်။ ၎င်းနောက် မအူပင်မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်း၊ ဆန်ကုန်သည်များအသင်းနှင့် ဆန်ဆိုင်များမှ ဆန် (၁) ပြည်လျှင် (၂၅၀၀/-)ကျပ်နှုန်းဖြင့် မင်းဧရာတံတားအနီး အခွန်လွတ်ဈေး၊ အမှတ် (၁) ရပ်ကွက်မြမင်္ဂလာ လမ်းနှင့် အမှတ်(၁၂)ရပ်ကွက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများတွင် ပြည်သူများအားသက်သာသောဈေးနှုန်းဖြင့် ဆန်အိတ် (၄၅)အိတ် ရောင်းချပေးခဲ့ကြောင်းသိရသည်။

 အဆိုပါရောင်းချနေမှုများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးတိုးတိုးဝင်း၊ စားသုံးသူရေးရာ ဦးစီးဌာနဦးစီးအရာရှိဦးအောင်ဇော်ဦးနှင့် တာဝန်ရှိသူများက ကြည့်ရှု့စစ်ဆေးခဲ့ကြပြီး ရပ်ကွက်၊ ကျေးရွာများရှိ ပြည်သူများနှင့်နိုင်ငံ့ဝန်ထမ်းများအားဌာနအလိုက် နေ့စဉ်အလှည့်ကျ ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရှိရ သည်။

မအူပင်ခရိုင် (ပြန်/ဆက်)