ပဲခူး စက်တင်ဘာ ၅
အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်စေရန်နှင့် နိုင်ငံတော်ကို အကျိုးပြုမည့် လူငယ်လူရွယ်များဖြစ်လာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦီးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီက ပဲခူးမြို့အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်း ကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦီးစွာ အသိပညာပေးဟောပြောပွဲတွင် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နီအေးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပဲခူးခရိုင် အားကစားနှင့်ကာယပညာဦီးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်သန္တာဝင်းက အားကစားနှင့်ပတ်သက်၍ “အားကစား”ဆိုတာ အင်အားနဲ့ဉာဏ်ရည်ကိုအသုံးချကြောင်း၊ အားကစားအမျိုးအစား(၄)မျိုးရှိပြီး ယှဉ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း၏ ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ဆောင်ရွက်ပေးတာဖြစ်ကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ချစ်ချစ်သန်းက ကျောင်းသား/ ကျောင်းသူများ စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် စာပေဖတ်ရှုသည့် အကျိုးကျေးဇူများ၊ Social Media အသုံးပြုခြင်း၏ ကောင်းကျိုးနှင့်ဆိုးကျိုးများကို အသိပညာပေးဟောပြောခဲ့သည်။ ဆက်လက်ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူးဦးဝင်းကျော်က လူငယ်ရေးရာနှင့်ပတ်သက်၍လည်းကောင်း၊ အားကစားနှင့်ကာယပညာဦးစီးဌာန နည်းပြနည်းစနစ်မှူးဦးမျိုးမင်းဦးက လူငယ်အားကစားနှင့် ကာယပညာသိပ္ပံကျောင်း(ရန်ကုန်) တက်ရောက်နိုင်ရေး အသိပညာပေးဆွေးနွေးခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးဦးမြင့်ခိုင်နှင့် တာဝန်ရှိသူများက အားကစားပစ္စည်းများပေးအပ်လှူဒါန်းခဲ့ရာ ကျောင်းအုပ်ဆရာမကြီးမှ လက်ခံရယူခဲ့သည်။ အဆိုပါ အသိပညာပေးဟောပြောပွဲသို့ အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာမကြီး၊ ဆရာ/ ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူ (၂၀၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)