ဘိုကလေးပညာရေး ဒီဂရီကောလိပ်နှင့် မြောင်းမြပညာရေး ဒီဂရီကောလိပ်များ၌ ပြုလုပ် သည့် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားအား တိုင်းဒေသကြီး ဝန်ကြီးချုပ် တက်ရောက်အားပေး

ပုသိမ် စက်တင်ဘာ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ဘိုကလေးပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါဒီဂရီကောလိပ်၏ ပညာဂုဏ်ရည်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ လူငယ်သီတင်းပတ်လှုပ်ရှားမှုဖွင့်ပွဲ မုခ်ဦးဆိုင်းဘုတ်ကို တိုင်းဒေသကြီး ဝန်ကြီးချုပ် နှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ရိုးရာခြင်းလုံး၊ Fitness Dance များဖြင့် ဖျော်ဖြေမှုများကို ကြည့်ရှုအားပေးခဲ့သည်။ ယင်းနောက် လူငယ်သီတင်းပတ်လှုပ်ရှားမှု ဖွင့်ပွဲ အခမ်းအနားကို ဆက်လက်ပြုလုပ်ရာ သင်တန်းသား၊ သင်တန်းသူများက “လူငယ်နှင့် အိပ်မက်” တေးသီချင်းဖြင့်သီဆို ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က“ လူငယ် သီတင်းပတ်လှုပ်ရှားမှု အခမ်းအနားများကို အခြေခံပညာ၊ ဆရာအတတ်သင်ပညာ၊ အဆင့်မြင့် ပညာ ဦးစီးဌာနအောက်ရှိ ကျောင်း၊ ကောလိပ်၊ တက္ကသိုလ် အသီးသီး၌ ပြုလုပ်လျက်ရှိပါ ကြောင်း၊ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များဖြစ်လာ စေရန်အတွက် လူငယ်များကို ပြုစု ပျိုးထောင်ပေးရမည်မှာ ယခုသင်တန်းသား၊ သင်တန်းသူများပင်ဖြစ်ပါကြောင်း၊ သင်တန်းများ ပြီးဆုံးပါက ဆရာ၊ ဆရာမများအဖြစ်  မိမိတို့တာဝန်ကျရာဒေသများသို့ သွားရောက် တာဝန်ထမ်းဆောင်သည့်အခါ ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်များ ဖြစ်လာမည့် ကျောင်းသား၊ ကျောင်းသူများကို သင်ကြားပေးရမှာဖြစ်ပါကြောင်းနှင့် ဆရာ၊ ဆရာမများ ကိုယ်တိုင်ကလည်း ဗလငါးတန်နှင့်ပြည့်စုံ နေရန် ကြိုးစားလေ့လာသင်ယူနေကြရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ပညာရေးဖြင့် ရင်းနှီးမြှပ်နှံရမှာဖြစ်ပါ ကြောင်းနှင့် အတန်းပညာရှိမှ အတတ်ပညာရရှိမည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းတက် ရောက်နိုင်ရေး၊ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း” အမှာစကားများ ပြောကြားခဲ့ ပြီး ထောက်ပံ့ငွေများပေးအပ်ရာ ဘိုကလေးပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ ဆရာအတတ်ပညာဦးစီးဌာန၊ ညွှန်ကြားရေးမှူးက လူငယ်သီတင်းပတ် လှုပ်ရှားမှု ကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် ဘိုကလေးပညာရေးဒီဂရီကောလိပ်၏  ဌာနအလိုက် လူငယ်များ၏ ဖန်တီးတီထွင်မှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ဘိုကလေးမြို့၊ အမှတ် (၉)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ လူဝင်မှုကြီးကြပ် ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ် ဦးစီးမှူးရုံးမှ မြေပြင်လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်း စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး မြို့နယ်ဦးစီးမှူးက လုပ်ငန်း ဆောင်ရွက်မှုအခြေအနေများ ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က စာရင်းရေးသွင်းမှုများမှားယွင်းမှု မရှိစေရေး အဆင့်ဆင့် ကြပ်မတ် ဆောင်ရွက်ရန်နှင့် သတ်မှတ်ကာလအတွင်း စာရင်းများပြည့်စုံမှန်ကန် စေရေးစနစ်တကျ ဆောင်ရွက်ပေးကြရန် မှာကြားခဲ့သည်။

အလားတူ တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် ဝါးခယ်မမြို့နယ်၊ ဒေါ်ပိုက်မိ ဘိုးဘွားရိပ်သာ၌ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဝါးခယ်မမြို့နယ်ဦးစီးမှူးရုံးမှ မြေပြင် လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးခြင်း၊ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့ပြီး အုပ်ချုပ်ရေးအဖွဲ့များက မိမိတို့ရပ်ကွက်ကျေးရွာအလိုက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ မပြုလုပ်ရေသေးသူများအား စာရင်းကောက်ယူစုစည်းထားရှိ၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေး နိုင်ရေး ဆောင်ရွက်ရန်နှင့် စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် အင်တိုက်အားတိုက် ဆောင်ရွက်ကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်များ၌ ပြုလုပ်သည့် လူငယ်သီတင်းပတ် လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်၍ မုခ်ဦးဆိုင်းဘုတ်ကို တာဝန်ရှိသူများ ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးသည်။ ထို့နောက် အဆိုပါ ကောလိပ်၏ မြရတုခန်းမ၌ အခမ်းအနားအား ဆက်လက်ပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူများက “ပွင့်ဖူးဝေဆာ ကျောင်းတော်သာ” သီချင်းဖြင့် ဖွင့်လှစ်ခဲ့ပြီးနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က “နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လူမှုရေးဦးတည်ချက် တွင် ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ်လူရွယ်များဖြစ်စေရေးရန် လူငယ်ကဏ္ဍကို မြှင့်တင် ဆောင်ရွက်ရေးအတွက်  လူငယ်များ၏ ကိုယ်ရည်ကိုယ်သွေး တိုးတက်စေရေး လူငယ် စကားဝိုင်းများကို အခြေခံပညာ၊ ဒီဂရီကောလိပ်နှင့် တက္ကသိုလ်များတွင် ပြုလုပ်ပေးလျက် ရှိပါကြောင်း၊ ဆရာ၊ ဆရာမများအနေဖြင့် မိမိတို့၏ စာပေလေ့လာသင်ကြားမှုများကို အဆက် မပြတ် လေ့လာသင်ယူကြပြီး သင်ကြားမှု သင်ယူမှုများ တိုးတက်မြင့်မားအောင် ဆောင်ရွက်ရန် လိုအပ်သကဲ့သို့ မိမိတို့တပည့်များကို ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေးအတွက် ပြုစုပျိုးထောင်ပေးရမှာဖြစ်ပါကြောင်း၊ ဗလငါးတန်နှင့် ပြည်စုံသည့် လူငယ်များဖြစ်စေရန် ပြုစုပျိုးထောင်ရာတွင် ဆရာ၊ ဆရာမများ၏ အခန်းကဏ္ဍသည် လွန်စွာ အရေးပါကြောင်း၊ ပညာရေးဒီဂရီကောလိပ်မှ သင်ကြားပို့ချသည့် ဘာသာရပ်များကို စနစ် တကျ လေ့လာသင်ယူကြပြီး မိမိတို့၏ တပည့်များအား ဗလငါးတန်နှင့် ပြည့်စုံသည့် လူငယ် လူရွယ်များဖြစ်အောင် သင်ကြားပြသပေးနိုင်သည့် ဆရာ၊ ဆရာမများဖြစ်ပါစေကြောင်း” အမှာစကားများ ပြောကြားခဲ့ပြီး ဂုဏ်ပြုထောက်ပံ့ငွေများကို ပေးအပ်ရာ မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက လက်ခံရယူခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များသည် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏ တေးသီချင်းများဖြင့် သီဆိုကပြဖျော်ဖြေမှု များကို ကြည့်ရှုအားပေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ကူးခဲ့သည်။ ထို့နောက် မြောင်းမြပညာရေး ဒီဂရီကောလိပ်မှ ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်သီတင်းပတ် လှုပ်ရှားဆောင်ရွက်မှု ပြခန်းများအား လှည့်လည် ကြည့်ရှုအားပေးခဲ့ပြီး ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများနှင့်အတူ နေ့လယ်စာအတူအကွ သုံးဆောင်ခဲ့ကြောင်း သိရသည်။

လှမင်းထွဋ်(ပြန်/ဆက်)