မင်းလှမြို့နယ်တွင် ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဌာနဆိုင်ရာများ၊ ကုမ္ပဏီများနှင့် တွေ့ဆုံဆွေးနွေး

အထက်မင်းလှ စက်တင်ဘာ ၅

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့် တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ လုပ်ငန်းများတာဝန်ယူ ဆောင်ရွက်နေသည့် ကုမ္ပဏီများနှင့်တွေ့ဆုံ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က မင်းလှမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ငွေလုံး၊ ငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်သည့်ဌာနဆိုင်ရာ တည်ဆောက်ရေးလုပ်ငန်းများ အချိန်မီ ပြီးစီးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများမှ အလေးထား လိုက်နာဆောင်ရွက်ရန်၊ လုပ်ငန်းများအလိုက် ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးရန်နှင့် လုပ်ငန်းဆောင်ရွက်ရာတွင် တာဝန်ယူဆောင်ရွက်နေသည့် ကုမ္ပဏီများအနေဖြင့် သတ်မှတ်အရည်အသွေး၊ စံချိန်စံညွှန်းနှင့် အညီကောင်းမွန်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ကြရန် ဆွေးနွေး ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက  လုပ်ငန်းများဆောင်ရွက်ရာတွင် အရည်အသွေးနှင့် စံချိန်စံညွှန်းပြည့်မီရေး အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက်ရောက်လာသည့် ဌာနဆိုင်ရာတာဝန်ရှိသူများက ဌာနအလိုက် တည်ဆောက်ရေးလုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့်ပတ်သက်၍ ပရိုဂျက်တာဖြင့် ရှင်းလင်းဆွေးနွေးခဲ့ကြရာ  ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)