ဟင်္သာတ စက်တင်ဘာ ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်အတွင်းရှိ ပြည်သူများစားဝတ်နေရေး အဆင်ပြေစေရေးအတွက် ဆန်နှင့် ဆီများကို သက်သာသော ဈေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိရာ ယမန်နေ့ နံနက် ၈ နာရီအချိန်က စတင်၍ တာကလေးရပ်ကွက်၊ ကျောက်တော်ကြီး ဘုရားဝန်းနှင့် လယ်တော်မြို့သစ် ကာကြီးဝန်းတို့တွင်လည်း ရောင်းချခဲ့ကြသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ခရိုင်နှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဟင်္သာတ ခရိုင် ဆီကုန်သည်နှင့် ဆီကုန်သည်များအသင်းတို့ ပူးပေါင်း၍ ပြည်သူများစားဝတ်နေရေး အဆင်ပြေချောမွေ့စေရေးအတွက် သက်သာသော ဈေးနှုန်းဖြင့် လက်လီရောင်းချပေးလျက်ရှိရာ ပြည်သူများကို တစ်ဦးလျှင် စားသုံးဆီတစ်ပိဿာ (၄၅၀၀)ကျပ်နှုန်းဖြင့် ပိဿာ(၁၁၀၀)ကို စနစ်တကျတန်းစီပြီး လက်လီရောင်းချပေးခဲ့ကြသည်။
အဆိုပါ ရောင်းချသည့် နည်းတူပင် ဟင်္သာတမြို့ လယ်တော်ကားဝန်းတွင် Ayeyar Hinthar ကုမ္ပဏီမှလည်း လူတစ်ဦးလျှင် စားဆီတစ်ပိဿာ နှုန်းဖြင့် ပိဿာ ၁၆၀၀ တို့ကို ဖြန့်ဖြူး ရောင်းချ ပေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာ ဦးစီးဌာနမှ သိရသည်။
ခရိုင်ပြန်/ဆက်(ဟင်္သာတ)